(၂၅-၈-၂၀၂၃ ရက်၊ မနီလာ)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမန်ဟောက်ထန်သည် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ၂၂-၈-၂၀၂၃ ရက်မှ ၂၄-၈-၂၀၂၃ ရက်အထိ ကျင်းပခဲ့သော တောင်တရုတ်ပင်လယ်တွင်းနိုင်ငံများ လိုက်နာရမည့် လုပ်ထုံးလုပ်နည်းဆိုင်ရာကြေညာချက် အကောင်အထည်ဖော်ရေးနှင့်စပ်လျဉ်းသည့် (၄၀) ကြိမ်မြောက် အာဆီယံ-တရုတ် လုပ်ငန်းအဖွဲ့အစည်းအဝေးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နယ်နိမိတ်နှင့်သမုဒ္ဒရာရေးရာဌာန ကိုယ်စားလှယ် Mr. Tan Qingsheng နှင့်အတူ ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံမှ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် တောင်တရုတ်ပင်လယ်တွင်းနိုင်ငံများ လိုက်နာရမည့် လုပ်ထုံးလုပ်နည်းဆိုင်ရာကြေညာချက် (DOC) အကောင်အထည်ဖော်မှုများကို ပြန်လည်သုံးသပ်၍ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများအပေါ် ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် အဖွဲ့ဝင်နိုင်ငံများအကြား ယုံကြည်မှုတိုးတက်စေရေးအတွက် လက်တွေ့ကျသည့် ပင်လယ်ရေကြောင်း ပူးပေါင်းဆောင်ရွက်မှုများ၏ အရေးပါမှုကို ထပ်လောင်းအတည်ပြုခဲ့ကြပြီး ၂၀၂၃ ခုနှစ်အတွက် DOC အကောင်အထည်ဖော်ရေးဆိုင်ရာ နှစ်အလိုက် လုပ်ငန်းစီမံချက်အောက်ရှိလုပ်ငန်းစဉ်များ အကောင်အထည်ဖော်မှု၏ ဖြစ်ပေါ်တိုးတက်မှုများကို ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးတွင် တောင်တရုတ်ပင်လယ်ဆိုင်ရာကျင့်ထုံး၏ တစ်ခုတည်းသောညှိနှိုင်းစာသား တတိယအကြိမ် ဆွေးနွေးမှုအတွက် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပြီး ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ပြုလုပ်ခဲ့သော အစည်းအဝေး၌ အတည်ပြုခဲ့သည့် ထိရောက်၍ အနှစ်သာရပြည့်ဝသည့် တောင်တရုတ်ပင်လယ်ဆိုင်ရာကျင့်ထုံး ဆောလျင်စွာအပြီးသတ်ရေးနှင့်စပ်လျဉ်းသည့် လမ်းညွှန်စာတမ်းသည် တတိယအကြိမ်ဆွေးနွေးမှုအတွက် လမ်းညွှန်ချက်တစ်ရပ်ဖြစ်ကြောင်း ရှုမြင်ခဲ့ကြပါသည်။ ဆက်လက်ပြီး စာသားညှိနှိုင်းမှုတွင် အရေးကြီးသည့် milestone issues (၄)ခုအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပြီး ပူးတွဲသဘာပတိများဖြစ်ကြသည့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံမှ ပူးတွဲအဆိုပြုသည့် တောင်တရုတ်ပင်လယ်ဆိုင်ရာကျင့်ထုံး၏ တစ်ခုတည်းသော ညှိနှိုင်းစာသားပါ အရေးကြီးသည့်ကိစ္စရပ်များ ဆွေးနွေးမှုဆိုင်ရာစာတမ်းကို အနာဂတ်တွင် လုပ်ငန်းအဖွဲ့မှ ဆက်လက်ဆွေးနွေးရာတွင် ကိုးကားဆွေးနွေးရန် လမ်းညွှန်စာတမ်းအဖြစ် မှတ်တမ်းတင်ခဲ့ကြောင်း သိရှိရပါသည်။




