(၂၈-၇-၂၀၂၃ ရက်၊ တိုကျို)
မြန်မာနိုင်ငံ၏ ရိုးရာယဉ်ကျေးမှုအစဉ်အလာများ၊ မြန်မာ့ရိုးရာ အစားအသောက်များနှင့် မြန်မာနိုင်ငံအကြောင်း သိရှိလေ့လာလိုသည့် ဂျပန်နိုင်ငံ၊ တိုကျိုမြို့နှင့် ကာနာဂါဝါခရိုင်တို့မှ အသက် (၆) နှစ်မှ (၂၀) နှစ် အရွယ်ရှိ မူလတန်းမှ အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမနှင့် အုပ်ထိန်းသူများပါဝင်သည့် အဖွဲ့ဝင် (၄၁) ဦးသည် ၂၇-၇-၂၀၂၃ ရက်တွင် မြန်မာသံရုံး၊ တိုကျိုမြို့သို့ လာရောက်လေ့လာခဲ့ကြပါသည်။
အဆိုပါကိုယ်စားလှယ်အဖွဲ့အား သံအမတ်ကြီး ဦးစိုးဟန်မှ ကြိုဆိုနှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပြီး၊ သံမှူး ဒေါ်ဝေမွန်မှ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများ၊ မြန်မာ့ရိုးရာပွဲတော်များ၊ မြန်မာ့ရိုးရာ အစားအသောက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသည့် ဂျပန်ကျောင်းသား၊ ကျောင်းသူများမှ မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ သိရှိလိုသည့်အချက်များအား မေးမြန်းခြင်းအပေါ် သံရုံးမှ ရှင်းလင်းဖြေကြားခြင်းများ ပြုလုပ်ခဲ့ပြီး၊ ကျောင်းသားကျောင်းသူများမှ သံရုံးတွင်ခင်းကျင်းပြသထားသော မြန်မာရိုးရာတူရိယာပုံစံငယ်များနှင့် မြန်မာနိုင်ငံမှ ဆုရကျောင်းသားကျောင်းသူများ၏ ပန်းချီကားများ ခင်းကျင်းပြသထားမှုကို ကြည့်ရှုလေ့လာကြည့်ရှုခဲ့ပါကြောင်းနှင့် မြန်မာသံရုံးမှ မြန်မာ့ရိုးရာစားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါကြောင်း သိရှိရပါသည်။





