တရုတ်-မြန်မာ နယ်စပ်ပြည်သူများ ချစ်ကြည်ရေး/ ယဉ်ကျေးမှု (အွန်လိုင်း) အခမ်းအနားကျင်းပ(၂၉-၆-၂၀၂၂ရက်)

(၂၉-၆-၂၀၂၂၊ ကူမင်း)

တရုတ်-မြန်မာ ပေါက်ဖော် ဆက်ဆံရေး ပိုမိုထွန်းကားဖွံ့ဖြိုးစေရန်နှင့် တရုတ်-မြန်မာ နယ်စပ်ပြည်သူတို့အကြား ချစ်ကြည်ရင်းနှီးသည့် အပြန်အလှန်ဖလှယ်မှုများ ပိုမိုနက်ရှိုင်းစေရန် တို့အတွက် တရုတ်-မြန်မာ နယ်စပ်ပြည်သူများ ချစ်ကြည်ရေး/ ယဉ်ကျေးမှု အခမ်းအနားကို ၂၉-၆-၂၀၂၂ ရက်တွင် ယူနန်ပြည်နယ် ပြည်သူပြည်ပချစ်ကြည်ရေးအသင်းနှင့် မန္တလေးမြို့ အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးတို့က ကြီးမှူး၍ ယူနန်ပြည်နယ် ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကွန်မြူနစ်ပါတီကော်မတီ အဖွဲ့ဝင် H.E. Wang Hao ၊ ယူနန်ပြည်နယ် ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး၊ ညွှန်ကြားရေးမှူးချုပ်နှင့် ယူနန်ပြည်နယ် ပြည်သူပြည်ပချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌဖြစ်သူ Ms. Yang Mu ၊ ကူမင်းမြို့ အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင် နှင့် ယူနန်ပြည်နယ်၏သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ယူနန်ပြည်နယ် ပြည်သူပြည်ပချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ နှင့် ကူမင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ် တို့က အမှာစကားများ ပြောကြားပြီး မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ် Mr. Chen Chen၊ ယူနန်ပြည်နယ်၏ ပြည်နယ်ခွဲနှင့် မြို့များဖြစ်ကြသည့် ပေါင်စန်းမြို့၊ စစ်ဆောင်ပန်န ပြည်နယ်ခွဲ၊ တဲဟုန်ပြည်နယ်ခွဲ၊ နုကျမ်းပြည်နယ်ခွဲနှင့် လင်ချမ်းမြို့တို့မှ အစိုးရအကြီးအကဲများကလည်း Video Conferencing စနစ်ဖြင့် တက်ရောက်၍ အသီးသီး အမှာစကားများ ပြောကြားပါသည်။

ထို့နောက် ယူနန်ပြည်နယ် ပြည်သူပြည်ပချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌက မြန်မာနိုင်ငံနယ်စပ်ဒေသနေ ပြည်သူများ ဖွံဖြိုးတိုးတက်ရေးအတွက် တရုတ်ယွမ်ငွေ ၁.၆ သန်းတန်ဖိုးရှိ အထောက်အကူပြုပစ္စည်းများ လှူဒါန်းမှုစာရင်းအား ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင် ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

အွန်လိုင်းဖျော်ဖြေပွဲအခမ်းအနားသို့ မြန်မာနိုင်ငံဘက်မှ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ(၄)၊ မူဆယ်မြို့၊ လားရှိုးမြို့၊ လောက်ကိုင်မြို့တို့မှ ဒေသဆိုင်ရာ တာဝန်ရှိသူ၊ ပြည်သူများ တက်ရောက်ကြပြီး မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဒေသနေ ပြည်သူများက သီချင်းများ၊ ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ကြပါသည်။ အခမ်းအနားအပြီးတွင် မြန်မာကောင်စစ်ဝန်ချုပ်နှင့် ယူနန်ပြည်နယ် ပြည်သူပြည်ပချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ တို့သည် ဖျော်ဖြေတင်ဆက်ကြသည့် အနုပညာရှင်များကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရပါသည်။