(၂၃-၄-၂၀၂၅ ရက်၊ နန်နင်းမြို့)
နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းသည် ၂၂-၄-၂၀၂၅ ရက်နေ့တွင် နန်နင်းမြို့၊ X International Hotel ၌ ကျင်းပခဲ့သည့် တရုတ်စံချိန်စံနှုန်းနှင့် နည်းပညာဆိုင်ရာ ကွမ်ရှီးကောလိပ်နှင့် တရုတ်-အာဆီယံစံနှုန်းပူးပေါင်းဆောင်ရွက်ရေးနှင့် ဖလှယ်ရေးစင်တာမှ ကြီးမှူးစီစဉ်သည့် တရုတ် (ကွမ်ရှီး)-အာဆီယံ စိုက်ပျိုးရေးစံချိန်စံနှုန်းဆိုင်ရာ ဆွေးနွေးဖလှယ်မှု နှင့် အပြန်အလှန်လေ့လာသင်ယူမှု အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ သည်။ အဆိုပါအခမ်းအနား၌ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဈေးကွက်စည်းမျဉ်း ဆိုင်ရာအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Yang Jijun၊ နန်နင်းမြို့အခြေစိုက် ကမ္ဘော ဒီးယားကောင်စစ်ဝန်ချုပ် Mr. Taing Sokngorn၊ လာအိုကောင်စစ်ဝန်ချုပ် Mr. Vongpano Sipastuth နှင့် မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းတို့က အဖွင့်အမှာစကားများ အသီးသီး ပြောကြားခဲ့ကြသည်။ မြန်မာကောင်စစ်ဝန်ချုပ်က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် စိုက်ပျိုးရေး အခြေခံနိုင်ငံဖြစ်သဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်ကုန် များ တိုးမြှင့်နိုင်ရေးနှင့် အစားအစာဘေးကင်းရေးတို့သည် ဦးစားပေးဖြစ်သည့်အလျောက် စံချိန် စံနှုန်းသတ်မှတ်ရေးလုပ်ငန်းများ၌ စံချိန်စံနှုန်းဥပဒေများ ပြဋ္ဌာန်းခြင်း၊ အမျိုးသားစံနှုန်း ကောင်စီ၊ နည်းပညာကော်မတီနှင့် ကော်မတီခွဲများ တည်ထောင်ခြင်းနှင့် ကောင်းမွန်သော စိုက်ပျိုးရေးအလေ့အထစံနှုန်း (Good Agriculture Practice- GAP) များကို ဆောင်ရွက်လျက် ရှိကြောင်း၊ ထို့ပြင် အိမ်နီးချင်းနိုင်ငံများ၊ တရုတ်နိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ကွမ်ရှီးဒေသရှိ ကွမ်ရှီးစံချိန်စံနှုန်းနှင့် နည်းပညာကောလိပ် သည် မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများနှင့် စိုက်ပျိုးရေးသရုပ်ပြဇုန်များ တည်ထောင် ခြင်း၊ ဖိုရမ်များ ကျင်းပခြင်းနှင့် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးအကောင်အထည် ဖော်ခြင်းတို့ကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲ၌ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများမှ အဆင့်မြင့်စံချိန်စံနှုန်းများကို လေ့လာနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ကိုယ်စားလှယ် (၄)ဦးအပါအဝင် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်များလည်း ပါဝင်ဆွေးနွေးခဲ့ ကြကြောင်းသိရှိရပါသည်။



