တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် Tiananmen Square ရှိ သူရဲကောင်းစစ်သည်ဗိမာန်၌ လွမ်းသူပန်းခွေ ချ၍ အလေးပြုသည်။
ဦးစွာ နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် Tiananmen Square ရှိ သူရဲကောင်းစစ်သည်ဗိမာန်သို့ ရောက်ရှိကြရာ တရုတ်နိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများက ကြိုဆိုနှုတ်ဆက်ကြပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) စစ်တီးဝိုင်းအဖွဲ့က နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများကို ဂုဏ်ပြုတီးမှုတ်သည်။ ယင်းနောက် နိုင်ငံတော်သမ္မတသည် လွမ်းသူပန်းခွေကိုင်အရာရှိနှစ်ဦး၏ နောက်တွင်လည်းကောင်း၊ နိုင်ငံတော်သမ္မတ၏နောက်တွင် တရုတ်နိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့များသည်လည်းကောင်း အသီးသီးနေရာယူကြပြီး လွမ်းသူပန်းခွေချမည့်နေရာသို့ ချီတက်ကြ သည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) မှ စစ်တီးဝိုင်း အဖွဲ့၏ တီးမှုတ်မှုနှင့်အတူ သူရဲကောင်းစစ်သည်ဗိမာန်၌ လွမ်းသူ ပန်းခွေချ အလေးပြုသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် တရုတ်နိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများ အား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ ပြန်လည်ထွက်ခွာခဲ့ကြောင်း သတင်းရရှိသည်။
#Reference: PPIB









