(၁၀-၇-၂၀၂၆၊ ပေကျင်း)
တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဝင်းမြင့်သည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၈ ရက်တွင် တရုတ်နိုင်ငံ၊ ဟေလုံကျန်းပြည်နယ်၊ နိုင်ငံခြားရေးရုံး၏ ဖိတ်ကြားချက်အရ ဟေလုံကျန်း ပြည်နယ် (Heilongjiang Province)၊ ‘ကျီးရှီးမြို့(Jixi) ကွန်းဗင်းရှင်းစင်တာ၌ ကျင်းပသည့် ‘‘ (၈) ကြိမ်မြောက် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာညီလာခံ” သို့ ပါဝင် တက်ရောက်ခဲ့ပြီး၊ အဆိုပါညီလာခံ၌ မြန်မာနိုင်ငံ၊ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် မှလည်း ပါဝင်တက်ရောက် အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး သံအမတ်ကြီးသည် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ ဟေလုံကျန်းပြည်နယ်၊ ပါတီကော်မတီအတွင်းရေးမှူးနှင့် ဟေလုံကျန်းပြည်နယ် ပြည်သူ့ ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ မစ္စတာ ရှုကျန် (Mr Xu Qin)၊ တို့နှင့် တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးသို့လည်း ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားများ၌ မြန်မာကိုယ်စားလှယ်အဖွဲ့အပြင် ဟေလုံကျန်းပြည်နယ် ပါတီ အမြဲတမ်းကော်မတီအဖွဲ့ဝင်နှင့် ပြည်သူ့ကွန်ဂရက်ကော်မတီ အထွေထွေအတွင်းရေးမှူး မစ္စတာ ရှုရှင်းကော် (Mr Xu Xiangguo)၊ ဟေလုံကျန်းမြို့ ဒုတိယမြို့တော်ဝန် မစ္စတာ ဟန်ရှန်ကျန်း(Mr Han Shengjian)၊ ဟေလုံကျန်းပြည်နယ် ကျီးရှီးမြို့ မြူနီစီပါယ်ကော်မတီနှင့် ပါတီအတွင်းရေးမှူး မစ္စတာ ဆန်းချမ်းကွန် (Mr Sun Chengkun)၊ ဟေလုံကျန်းပြည်နယ် နိုင်ငံခြားရေးရုံးမှ ညွှန်ကြားရေးမှူးချုပ် မစ္စ လျှိုရှင်းဟွာ(Ms Liu Qinghua)၊ ဟေလုံကျန်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေးဌာနမှ မစ္စ ဟဲဂျင်း (He Jing) တို့လည်း တက်ရောက်ခဲ့ကြပြီး၊ ညီလာခံသို့ တက်ရောက်သူ စုစုပေါင်း (၅၀၀) ဦးခန့် ရှိကြောင်း သိရှိရပါသည်။



