တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ “တရုတ်-အာဆီယံ ဉာဏ်ရည်တုလုပ်ငန်း ဆိုင်ရာ တီထွင်ဆန်းသစ်မှုစင်တာ” ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ခြင်း (၂၄-၅-၂၀၂၆ ရက်၊ ပေကျင်း)

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဝင်းမြင့်သည် ၂၄-၅-၂၀၂၆ ရက်၊ နေ့လယ် (၁၄:၀၀) နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စက်မှုနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ ပေကျင်းမြို့၊ China Academy of Information and Communications Technology ၌ ကျင်းပခဲ့သည့်  “တရုတ်-အာဆီယံ ဉာဏ်ရည်တုလုပ်ငန်း ဆိုင်ရာ တီထွင်ဆန်းသစ်မှုစင်တာ” (China-ASEAN Artificial Industry Innovation Center) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါသည်။

အဆိုပါအခမ်းအနား၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စက်မှုနှင့်သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Ke Jixin နှင့် အာဆီယံဆိုင်ရာ အတွင်းရေးမှူး ချုပ် H.E. Dr. Kao Kim Hourn တို့မှလည်း အဖွင့်မိန့်ခွန်းများ ပြောကြားခဲ့ပြီး၊ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ ကွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စက်မှုနှင့် သတင်း အချက်အလက်နည်းပညာဌာနမှ ကိုယ်စားလှယ်များ၊ တရုတ်နိုင်ငံစက်မှုနှင့် သတင်းအချက်လက် နည်းပညာအကယ်ဒမီမှ ကိုယ်စားလှယ်များ၊ ပေကျင်းမြို့အခြေစိုက် အာဆီယံသံရုံးများမှ သံတမန် များနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သတင်းအချက်အလက်နှင့် နည်းပညာကုမ္ပဏီများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။