တရုတ်နိုင်ငံ၊ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်ရေးရာဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဝင်းမြင့်သည် တရုတ်နိုင်ငံ၊ ကျဲ့ကျန်းပြည်နယ်၊ နင်ဘိုမြို့တွင် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၈ ရက် နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပခဲ့သည့် စိမ်းလန်းစိုပြည်ပြီး ရေရှည် တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်( Green and Sustainable Development Forum of the Shanghai Cooperation Organization-SCO) သို့ ပါဝင်တက်ရောက်ခဲ့ပြီး ယင်းနှင့် တစ်ဆက်တည်း ကျင်းပခဲ့သည့် Promoting Global Sustainable Development through Green Cooperation ဖိုရမ်၌ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် မြန်မာသံအမတ်ကြီးမှ မိန့်ခွန်းပြောကြားရာ၌ ယခုကျင်းပသည့် စိမ်းလန်းစိုပြည်ပြီး ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် သည် အရေးကြီးသည့် အခန်းကဏ္ဍ တွင် ပါဝင်ပါကြောင်း၊ စိမ်းလန်းစိုပြည်ပြီး ရေရှည်တည်တံ့ရေးကိစ္စသည် အရေးပါပြီး၊ မြန်မာနိုင်ငံ အနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စ၊ သဘာဝ အရင်းအမြစ်များ ပေါကြွယ်ဝစေရေးတို့အတွက် ဆောင်ရွက်လျက်ရှိကာ အိမ်နီးခြင်း တရုတ်နိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စဉ်ဆက်မပြတ် တိုးတက်အောင်မြင်ရေးပန်းတိုင်သို့ ရောက်ရှိအောင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကာဘွန်လျှော့ချရေးနှင့် စိမ်းလန်းသော ပတ်ဝန်းကျင်ဖြစ်စေရန် အတွက်လည်း ဒေသအလိုက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိကမိတ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ ပြန်လည်ပြည့်ဖြိုး မြဲ စွမ်းအင်နှင့် စဉ်ဆက်မပြတ် စိမ်းလန်းစိုပြည်သည့် ပတ်ဝန်းကျင်ဖြစ်စေရေး နှစ်နိုင်ငံ အတူတကွ ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ယုံကြည်ပါကြောင်း၊ ရှေ့ဆက်၍ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံများနှင့်အတူ သန့်ရှင်းသောစွမ်းအင်၊ စိမ်းလန်း သော ပတ်ဝန်းကျင်နှင့် စဉ်ဆက်မပြတ် တိုးတက်ဖွံ့ဖြိုးလျက်ရှိသည့် လယ်ယာကဏ္ဍများတွင် အတူ တကွ ပူးပေါင်းဆောင်ရွက်သွားရန် အဆင်သင့်ဖြစ်နေပြီး၊ စက်မှုကဏ္ဍ၊ ရင်းနှီးမြှပ်နှံမှုကဏ္ဍများတွင် လည်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရှေ့ဆက်၍လည်း စဉ်ဆက်မပြတ် တိုးတက် အောင်မြင်သည့် ဒေသများ ဖန်တီးသွားနိုင်မည်ဟု ယုံကြည်ပြီး၊ မြန်မာနိုင်ငံ အနေဖြင့် စိမ်းလန်းသောပတ်ဝန်းကျင်များ ဖန်တီးခြင်းနှင့် စဉ်ဆက်မပြတ် တိုးတက်ဖွံ့ဖြိုးမှုအတွက် အပြည့် အဝ ပူးပေါင်းဆောင်ရွက်သွားမည်ကို ထပ်မံအတည်ပြုပြောကြားလိုပါကြောင်း၊ ယခုဖိုရမ်သည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံများသာမကဘဲ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့်လည်း အကျိုးကျေးဇူး ရရှိပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် အမျိုးသားကော်မတီ ဒုတိယ ဥက္ကဋ္ဌနှင့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ၊ အိမ်နီးချင်းကောင်း၊ ရင်နှီးချစ်ကြည်မှုနှင့် ပူးပေါင်း ဆောင်ရွက်ကော်မရှင် ဥက္ကဌ ၊ မစ္စရှန်ယွန်းယွန်း၊ ကျဲ့ကျန်းပြည်နယ် တရုတ်ကွန်မြူနစ်ပါတီ အတွင်းရေး မှူးနှင့် ပြည်နယ်ပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီဥက္ကဋ္ဌ မစ္စတာဝမ်ဟောင်၊ ကာဂျစ် သမ္မတနိုင်ငံ သမ္မတ၏ အထူးကိုယ်စားလှယ် Mr. Bakyt Torobaev ၊ တရုတ်နိုင်ငံ ပတ်ဝန်းကျင်နှင့် ဂေဟဗေဒရေးရာ ဝန်ကြီး မစ္စတာ ဟွန်ရုန်းချွေ တို့လည်း ပါဝင်တက်ရောက်ခဲ့ပြီး၊ ကာဇက်စတန်၊ ကမ္ဘောဒီးယား၊ လာအို၊ ပါကစ္စတန်၊ မောလ်ဒိုက်တို့မှ သက်ဆိုင်ရာဝန်ကြီး၊ ဒုတိယဝန်ကြီးများလည်း ပါဝင်တက်ရောက်ခဲ့ကြပါ သည်။
ထို့ပြင် အာမေးနီးယားနိုင်ငံမှ ဒုတိယဝန်ကြီးချုပ်နှင့် ရုရှားနိုင်ငံမှ အထူးကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်တို့မှ ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြားခဲ့ပြီး UNDP ၊ UNEP တို့မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ပြည်နယ်နိုင်ငံခြားရေးဌာနမှ တာဝန်ရှိသူများ၊ သတင်းအဖွဲ့များ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများမှ အကြီးအကဲများ၊ လေ့လာသူနိုင်ငံများမှလည်း မိန့်ခွန်းများ ပြောကြားခဲ့ကြပါသည်။ ထို့ပြင် ကျဲ့ကျန်းပြည်နယ် နိုင်ငံခြားရေးဌာနမှ တာဝန်ရှိသူများ၊ သတင်းအဖွဲ့များ၊ ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများမှ အကြီးအကဲများ၊ လေ့လာသူနိုင်ငံများမှ ကိုယ်စားလှယ်များ သည် သက်ဆိုင်ရာ အခန်းကဏ္ဍ အလိုက် ပညာရှင်များ၊ တရုတ်နိုင်ငံ ရှိ SCO အဖွဲ့ဝင်နိုင်ငံ သံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန် စုစုပေါင်း ၅၀၀ ဦးခန့် ပါဝင် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။



