တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ် နှစ်သစ်ကူးဧည့်ခံပွဲသို့ တက်ရောက်

(၆- ၂- ၂၀၂၆ ရက်၊ ပေကျင်း)

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဝင်းမြင့်သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ ၏ ဖိတ်ကြားချက်အရ ၅-၂-၂၀၂၆ ရက်၊ ညနေ (၁၈:၀၀) နာရီတွင် တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြီးမှူး၍ ၎င်းဝန်ကြီးဌာန၌ ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ နှစ်သစ်ကူးဧည့်ခံပွဲသို့ တက်ရောက်ခဲ့ပါသည်။

ဧည့်ခံပွဲသို့ ပေကျင်းမြို့အခြေစိုက် ပြည်ပသံရုံးများမှ သံရုံးအကြီးအကဲများ၊ သံတမန်များ၊ တရုတ်နိုင်ငံရှိ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အစိုးရဌာနများမှ ကိုယ်စားလှယ်များ အပါအဝင် ဧည့်သည် (၅၀၀) ဦးခန့် ပါဝင် တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနား၌ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ က မိန့်ခွန်းပြောကြားရာတွင် ၂၀၂၅ ခုနှစ်သည် ကုလသမဂ္ဂ၏ နှစ် ၈၀ ပြည့် အထိမ်းအမှတ်ဖြစ်ကြောင်းနှင့် နိုင်ငံတကာဆက်ဆံရေးတွင် စိန်ခေါ်မှုများရှိသော်လည်း တရုတ်နိုင်ငံသည် ပြီးခဲ့သည့်နှစ်အတွင်း ၎င်း၏သံတမန်ရေးတွင် မှန်ကန်သောလမ်းကြောင်းကို ဆက်လက်ဖော်ဆောင်ခဲ့ပါကြောင်း၊ တရုတ်နိုင်ငံမှအဆိုပြုခဲ့သော ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှု ဦးဆောင်ဦးရွက်ပြုအစီအစဉ် (GGI) နှင့်စပ်လျဉ်း၍လည်း ထပ်လောင်းပြောကြားခဲ့ပြီး၊ ပေကျင်းမြို့ အခြေစိုက် နိုင်ငံခြားသံတမန်အဖွဲ့၏ အကြီးအကဲဖြစ်သော တရုတ်နိုင်ငံဆိုင်ရာ ကင်မရွန်း သံအမတ်ကြီး မစ္စတာ မာတင် အမ်ပါနာမှလည်း သံတမန်အဖွဲ့ကိုယ်စား နှစ်သစ်ကူးအတွက် ဆုမွန်ကောင်းစကားများ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။