တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ တရုတ်-အာဆီယံဒေသတွင်း စီးပွားရေးနှင့် ဂေဟစနစ်အခြေပြုထုတ်ကုန် (PEOP) စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ခြင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဂုဏ်ပြုမိန့်ခွန်းပြောကြားခဲ့ခြင်း (၂၉-၉-၂၀၂၅ ရက်)

(၂၉-၉-၂၀၂၅ ရက်၊ ပေကျင်း)

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ လ ၁၉ ရက်နေ့တွင် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့ရှိ နန်နင်းအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းစင်တာနှင့်ပြပွဲဗဟိုဌာန၌ ကျင်းပခဲ့သည့် တရုတ်-အာဆီယံဒေသတွင်း စီးပွားရေးနှင့် ဂေဟစနစ်အခြေပြုထုတ်ကုန် (PEOP) စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ခြင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ ဂုဏ်ပြုမိန့်ခွန်းပြောကြားခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် သံအမတ်ကြီးက ယခုအခမ်းအနားသို့ တက်ရောက်၍ ဂုဏ်ပြု မိန့်ခွန်း ပြောကြားခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာပြည်နယ် ခေါင်းဆောင်များ၊ ဝန်ကြီးများ၊ ကျွမ်းကျင်ပညာရှင်များအကြား ဆွေးနွေးရရှိခဲ့သည့် ယခင်နှစ်ဆွေးနွေးမှုများမှ တစ်ဆင့် ရလဒ်ကောင်းများရရှိခဲ့သည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ Eco-Origin Product ကို ကာကွယ်မြှင့်တင်ခြင်းမှာ အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံသည်လည်း ဂေဟစနစ်ကာကွယ်ခြင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ တိုးမြှင့်ထုတ်လုပ်ခြင်း၊ ဇီဝမျိုးကွဲများကာကွယ်ခြင်းနှင့် စွန့်ပစ် ပစ္စည်းစီမံခန့်ခွဲခြင်းတို့ကို ရေရှည်ထည့်သွင်းစဉ်းစား၍ ပိုမိုကောင်းမွန်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အန္တရာယ်ကင်းသော စားသောက်ကုန်များကို နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်ချိန်တည်းမှာပင် တရုတ်-မြန်မာ စီးပွားရေးနဲ့ ကုန်သွယ်မှုပိုမိုအားကောင်းစေရေးအတွက်လည်း ဆက်လက်မြှင့်တင်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းများစွာ ရှိသည့် နိုင်ငံဖြစ်ပါကြောင်း၊ သို့ပါ၍ နည်းပညာမျှဝေနိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များကို ပိုမိုဖိတ်ခေါ်လိုပါကြောင်း၊ China Entry-Exit Inspection & Quarantine Association (CIQA)  မှ ယခုလို ဆွေးနွေးပွဲများ နှစ်စဉ်ကျင်းပပေးခြင်းအတွက်လည်း ထပ်မံဂုဏ်ပြုအပ်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ CCPCC ၏ (၁၃) ကြိမ်မြောက် အမျိုးသားကော်မတီ၏ ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ်နှင့် CIQA ကျွမ်းကျင်ပညာရှင်အကြီးအကဲ Mr. Qu Fenghong၊ CIQA ဥက္ကဋ္ဌ Mr. Wang Xin၊ ကျွမ်းကျင်ပညာရှင်များ၊ တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၊ အစိုးရကိုယ်စားလှယ်များနှင့် အခြားပါဝင်ပတ်သက်သူများ စုစုပေါင်း ဧည့်သည် ၂၀၀ ဝန်းကျင်ခန့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။