တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၏ ဇနီး ဒေါ်မြင့်မြတ်မြတ်စိုး ဦးဆောင်သော သံရုံးဝန်ထမ်းများမှ ပေကျင်းမြို့အာဆီယံအမျိုးသမီးများအဖွဲ့ (ASEAN Ladies Circle – ALC) ၏ အလှည့်ကျ Tea Gathering တွေ့ဆုံပွဲကို မြန်မာသံရုံး၌ လက်ခံကျင်းပ (၂၈- ၈- ၂၀၂၆၊ ပေကျင်း)

ပေကျင်းမြို့ရှိ မြန်မာသံအမတ်ကြီး၏ဇနီး ဒေါ်မြင့်မြတ်မြတ်စိုး ဦးဆောင်သော မြန်မာသံရုံး အမျိုးသမီးဝန်ထမ်းများသည် အာဆီယံအမျိုးသမီးများအဖွဲ့ (ASEAN Ladies Circle – Beijing) က အလှည့်ကျပြုလုပ်လေ့ရှိသည့် Tea Gathering လှုပ်ရှားမှုကို ၂၈-၈-၂၀၂၆ ရက်တွင် ပေကျင်းမြို့ မြန်မာသံရုံး၌ လက်ခံကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ မြန်မာသံအမတ်ကြီး၏ ဇနီးနှင့်အတူ ကမ္ဘောဒီးယားသံအမတ်ကြီး၊ အင်ဒိုနီးရှားသံအမတ်ကြီး၏ဇနီး၊ ဗီယက်နမ်သံအမတ်ကြီး၏ဇနီး၊ စင်ကာပူသံအမတ်ကြီး၏ဇနီးနှင့် အာဆီယံ-တရုတ်စင်တာ အတွင်းရေးမှူးချုပ်၏ဇနီးနှင့် အခြားသောအာဆီယံသံရုံးများမှ အမျိုးသမီး ဝန်ထမ်းများနှင့်ဇနီးများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မြန်မာသံအမတ်ကြီး၏ ဇနီး ဒေါ်မြင့်မြတ်မြတ်စိုး က နှုတ်ခွန်းဆက် အဖွင့်အမှာစကားပြောကြားရာ၌ အာဆီယံအမျိုးသမီးများကို မြန်မာသံရုံးမှ ကြိုဆိုပါကြောင်း၊ ယခုအကြိမ် မှာ မိမိအနေဖြင့် ALC ကို ပထမဆုံးအကြိမ် လက်ခံကျင်းပခြင်းဖြစ်ပါကြောင်း၊ မြန်မာသံရုံးအနေဖြင့် အာဆီယံလှုပ်ရှားမှုများတွင် အမြဲတမ်းတက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြီးခဲ့သည့်နှစ်က အခမ်းအနားတွင် မြန်မာ့သနပ်ခါး၏ ရိုးရာဓလေ့များနှင့် မိတ်ဆက်ပေးသည့်လှုပ်ရှားမှု ဆောင်ရွက်ခဲ့သည်ကို မှတ်မိကြမည်ဟုမျှော်လင့်ပါကြောင်း၊ ယနေ့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု၏ လှပသော ရှုထောင့်တစ်ခုဖြစ်သည့် “မြန်မာ့ရိုးရာအက” ကို မိတ်ဆက်မျှဝေသွားမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။ အခမ်းအနားတွင် မြန်မာ့ရိုးရာအက၏ အနှစ်သာရနှင့် ခေတ်အဆက်ဆက် ပေါ်ပေါက်လာပုံများအကြောင်းကို Power Point ဖြင့် ရှင်းလင်းပြောကြားခြင်း၊ မှုန်ရွှေရည်သီချင်း၊ နဝရတ်ကိုးသွယ်တေးသွားနှင့် ပုဂံခေတ်တေးသွားတို့ဖြင့် မြန်မာအကပညာရှင်တစ်ဦးမှ ကပြဖျော်ဖြေခြင်းတို့ ဆောင်ရွက်ခဲ့ပြီး၊ သံရုံးဝန်ထမ်းအမျိုးသမီးများမှ “ဆိုင်းကြိုက်တဲ့မောင်” သီချင်းဖြင့် အဖွဲ့လိုက် ကပြဖျော်ဖြေခဲ့ကြကာ အာဆီယံအမျိုးသမီးများကိုယ်တိုင်တို့မှလည်း ပျော်ရွှင်စွာဖြင့် အတူတကွဝင်ရောက်ဆင်နွှဲခဲ့ကြပါသည်။ ယင်းနောက် မြန်မာ့ရိုးရာ အစားအစာများဖြစ်သော မုန့်ဟင်းခါး၊ နန်းကြီးသုပ်၊ လက်ဖက်သုပ်၊ ကောက်ညှင်းပေါင်း၊ အကြော်စုံ၊ အုန်းနို့ကျောက်ကျော တို့ဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။
**********