(၂၉-၆-၂၀၂၅ ရက်၊ ပေကျင်း)
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၊ CP Group Center ၌ ၂၇-၆-၂၀၂၅ ရက်၊ နံနက် ၉:၀၀ နာရီတွင် ကုလသမဂ္ဂဆိုင်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အထိမ်းအမှတ်နေ့အဖြစ် ကျင်းပ ပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ တတိယအကြိမ်မြောက် ကမ္ဘာ့အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းညီလာခံ (2025 the 3rd World Small and Medium Enterprises Conference) သို့ တရုတ် ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ တက်ရောက်၍ မိန့်ခွန်းပြောကြား ခဲ့ပါသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ CPC ဗဟိုကော်မတီ အပြည်ပြည်ဆိုင်ရာဌာန၏ လက်ထောက်ဝန်ကြီး၊ ပါတီကော်မတီအတွင်းရေးမှူးနှင့် တရုတ်နိုင်ငံအထွေထွေကုန်သည်ကြီး များ အသင်းဥက္ကဋ္ဌ၊ တရုတ်နိုင်ငံ အသေးစား၊ အငယ်စားနှင့် အလတ်စားကူးသန်းရောင်းဝယ်ရေးဆို င်ရာ လုပ်ငန်းရှင်များအသင်း တည်ထောင်သူဥက္ကဋ္ဌ၊ ကုလသမဂ္ဂစီးပွားရေးနှင့် လူမှုရေးရေးရာဖွံ့ဖြိုးတိုးတက် ရေးဌာန ညွှန်ကြားရေးမှူး နှင့် တရုတ်နိုင်ငံရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားဆိုင်ရာ စီးပွားရေးအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များလည်း တက်ရောက်ခဲ့ပါသည်။
အခမ်းအနားအစီအစဉ်အရ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အပြည်ပြည်ဆိုင်ရာဌာန၏ လက်ထောက်ဝန်ကြီး၊ ပါတီကော်မတီအတွင်းရေးမှူးနှင့် တရုတ်နိုင်ငံ အထွေထွေကုန်သည်ကြီးများ အသင်းဥက္ကဋ္ဌတို့နှင့်အတူ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှလည်း မိန့်ခွန်းများအသီးသီး ပြောကြားခဲ့ပါသည်။
မြန်မာသံအမတ်ကြီးက မိန့်ခွန်းပြောကြားရာ၌ ယခုညီလာခံသည် နိုင်ငံများအကြား အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး၊ ဆင်းရဲမှုလျှော့ချရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး နှင့် ရေရှည် တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေးတို့ အတွက် အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့အကျိုးရလဒ်များ ထွက်ပေါ်လာစေမည့် သက်သေအထောက်အထားတစ်ခု ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် စေရေးနှင့် ဝင်ငွေ တိုးတက်မှုရရှိစေရေး အတွက် ဒေသအလိုက် ဆန်းသစ်တီထွင်၍ ယှဉ်ပြိုင်နိုင်စွမ်းရှိသော ထုတ်ကုန်များ ဖန်တီးထုတ်လုပ် ခြင်းဖြင့် MSMEs လုပ်ငန်းများ ပိုမိုကောင်းမွန်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြေ ာင်း၊ ထို့ပြင် ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခုမဟာဗျူဟာဖြင့် ဒေသထွက်ကုန်များထုတ်လုပ်ရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် MSMEs ကုန်စည်ပြပွဲများကို အခါအားလျော်စွာ ကျင်းပ လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံရှိ MSMEs ထုတ်ကုန်များ အရည်အသွေး မြှင့်တင်ထုတ်လုပ်နိုင်ရေး၊ အလုပ်သမားများ အရည်အသွေးတိုးမြှင့်ရေးတို့အတွ က် နည်းပညာရပ်ဆိုင်ရာ သင်တန်းများပေးခြင်း၊ အတွေ့အကြုံမျှဝေခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းဆောင်ရွက်ခြင်းတို့ လာရောက်ဆောင်ရွက်ရန် ဖိတ်ခေါ်လိုပါကြောင်းစသည်ဖြင့် ထည့်သွင်းပြောကြားခဲ့ပါသည်။
******************



