(၁၁-၁၁-၂၀၂၃ ရက်၊ ပေကျင်း)
တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေသည် ASEAN-China Centre နှင့် ဟူပေးပြည်နယ်အစိုးရ၏ ဖိတ်ကြားမှုအရ ၁၀-၁၁-၂၀၂၃ ရက်နေ့၊ နံနက် (၁၀၀၀) နာရီအချိန်၌ ဟူးပေပြည်နယ်၊ ဝူဟန်မြို့ရှိ ဝူဟန်တက္ကသိုလ် (Wuhan University) ၏ နှစ် (၁၃၀) ပြည့်မြောက်သည့် အထိမ်းအမှတ်နေ့၌ ယင်းတက္ကသိုလ်ရှိ နိုင်ငံတကာဆက်ဆံရေး ဘာသာရပ် အထူးပြု ပညာသင်ကြားလျက်ရှိသည့် မြန်မာ၊ တရုတ်နှင့် နိုင်ငံတကာကျောင်းသားကျောင်းသူ များအား သင်ခန်းစာ ပို့ချခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ASEAN-China Centre မှ Secretary General H.E. Mr. Shi Zhong Jun နှင့်အဖွဲ့၊ ဟူးပေပြည်နယ်အစိုးရမှ တာဝန်ရှိသူများ၊ ဟူးပေပြည်နယ်ဆိုင်ရာ ပညာရေးဌာန၏ တာဝန်ရှိသူများ၊ ဝူဟန်တက္ကသိုလ်၏ ကျောင်းအုပ်၊ Dean များနှင့် ပါမောက္ခများအပါအဝင် ဝူဟန်တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်အထူးပြု တရုတ်နှင့် နိုင်ငံတကာ ကျောင်းသား ကျောင်းသူများ၊ ဟူပေးပြည်နယ်တစ်ဝိုက် ပညာသင်ကြားလျက်ရှိကြသည့် အစိုးရပညာသင် မြန်မာကျောင်းသားကျောင်းသူများ၊ မြန်မာသံရုံးမှ ပညာရေးသံမှူး ဒေါက်တာဝင်းမြတ်အောင် တို့ တက်ရောက်ခဲ့ကြပါသည်။
ထိုသို့ သင်ခန်းစာပို့ချရာတွင် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု အမွေအနှစ်သမိုင်းကြောင်း၊ မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး သမိုင်းကြောင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး စတင်ခဲ့ပုံ၊ မြန်မာနိုင်ငံမှ အာဆီယံအဖွဲ့ဝင် ဖြစ်လာပုံနှင့် အာဆီယံ-တရုတ် ဆက်ဆံရေး အစရှိသည့် အကြောင်းအရာများ သင်ကြားပို့ချခဲ့ပါသည်။
သင်ခန်းစာပို့ချမှုအပြီးတွင် မြန်မာသံအမတ်ကြီးနှင့် ဇနီးမှ မြန်မာကျောင်းသား၊ ကျောင်းသူများနှင့် ရင်းနှီးစွာ လက်ခံတွေ့ဆုံကာ ကြိုးစားအားထုတ်၍ ပညာသင်ယူရန်နှင့် မြန်မာကျောင်းသားများ အချင်းချင်း စည်းစည်းလုံးလုံးဖြင့် အပြန်အလှန်စောင့်ရှောက်ကာ ပညာသင်ကြားရန်၊ မြန်မာသံရုံးနှင့် အဆက်အသွယ်မပြတ်ရှိစေရေး အမှာစကားပြောကြား၍ မြန်မာအစားအစာများ ကိုလည်း အမှတ်တရ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
မြန်မာသံအမတ်ကြီး၏ ဝူဟန်မြို့ ခရီးစဉ်အတွင်း ဟူပေးပြည်နယ်နှင့် မြန်မာနိုင်ငံအကြား အထူးသဖြင့် ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်နှင့် မြန်မာကျောင်းသား ကျောင်းသူများအတွက် ပညာသင်ဆုများ ပိုမိုရရှိနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။





