တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နယ်စပ်ဒေသ နှင့် ပင်လယ်သမုဒ္ဒရာရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် အား သွားရောက်တွေ့ဆုံ(၃၀-၁၂-၂၀၂၂ ရက်)

(၃၀-၁၂-၂၀၂၂ ရက်၊ ပေကျင်း)
တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဝဏ္ဏကျော်ထင် ဦးတင်မောင်ဆွေသည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် ပင်လယ်သမုဒ္ဒရာရေးရာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် မစ္စတာဟုန်းလျန် အား ၃၀-၁၂-၂၀၂၂ ရက်၊ ၁၀၃၀ နာရီတွင် တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၌ သွားရောက်တွေ့ဆုံခဲ့ပါသည်။
ထို့သို့တွေ့ဆုံစဉ် တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ရေးဆိုင်ရာ ကန့်သတ်ချက်များ ဖြေလျော့ပြီဖြစ်သည့်အတွက် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး ပြန်လည်ကောင်းမွန်စေရေး၊ နှစ်နိုင်ငံအကြား နယ်စပ်ဂိတ်များ ပုံမှန်ဖွင့်လှစ်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်ဒေသစီမံခန့်ခွဲရေးကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်သွားရေး၊ မြန်မာ-တရုတ်နှစ်နိုင်ငံအကြား အရေးကြီးသည့် စီမံကိန်းများ အရှိန်အဟုန်မပျက် ဆက်လက်လုပ်ဆောင်သွားနိုင်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ နှစ်ဖက်အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။