တရုတ်နိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ သံအမတ်ကြီးမှ ပေကျင်းမြို့အာဆီယံကော်မတီနှင့် အာဆီယံအတွင်းရေးမှူးချုပ် Dr. Kao Kim Hourn တို့အကြား ကျင်းပသည့် အလုပ်သဘောနေ့လယ်စာစားပွဲ အခမ်းအနားသို့ ပါဝင်တက်ရောက် (၂၃- ၇- ၂၀၂၅ ရက်)

 (၂၃- ၇- ၂၀၂၅ ရက်၊ ပေကျင်း)

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်တွင် လက်ရှိ ပေကျင်းမြို့ အာဆီယံကော်မတီဥက္ကဋ္ဌ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Chatchai Viriyavejakul မှ ကြီးမှူး၍ ပေကျင်းမြို့ရှိ Kerry Hotel တတိယထပ်၊ ရှန်ကျန်းခန်းမ၌ ပြုလုပ်သည့် အလုပ်သဘောနေ့လယ်စာစားပွဲသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားကို အာဆီယံအတွင်းရေးမှူးချုပ် Dr. Kao Kim Hourn နှင့် ပေကျင်းမြို့အခြေစိုက် အာဆီယံသံအမတ်ကြီးများ ပါဝင်တက်ရောက်ခဲ့ကြပြီး နှစ်ဖက်ဆွေးနွေးမှုများကို ရင်းနှီးပွင့်လင်းစွာ ပြုလုပ်ခဲ့ကြပါသည်။ အလုပ်သဘောနေ့လယ်စာစားပွဲ အခမ်းအနားအတွင်း မြန်မာသံအမတ်ကြီးမှ ဆွေးနွေးရာ၌ အာဆီယံအတွင်းရေးမှူးချုပ်ရုံး အတွင်းရေးမှူးချုပ် H.E. Dr. Kao Kim Hourn နှင့် ကိုယ်စားလှယ် အဖွဲ့အား ပေကျင်းမြို့မှ ကြိုဆိုပါကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံပဋိညာဉ်စာတမ်း၏ အခြေခံမူများကို အမြဲလိုက်နာပြီး အာဆီယံအသိုက်အဝန်း ၂၀၂၅ ကို ထိရောက်စွာ အကောင်အထည်ဖော်ရန်အတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည့် ကတိကဝတ်ကိုလည်း ထပ်လောင်းအတည်ပြုပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် သံအမတ်ကြီးက မြန်မာနိုင်ငံသည် ၂၀၂၅ နှစ်ကုန်ပိုင်းတွင် ပြည်သူများအားလုံးပါဝင်သော ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် အာဆီယံအတွင်းရေးမှူချုပ်မှ မြန်မာ့အရေးနှင့်စပ်လျဉ်း၍ အာဆီယံသည် အစဉ်အမြဲကူညီပေးနေသည်ဆိုသည်ကို အတည်ပြုပြောကြားလိုကြောင်း၊ မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် နိုင်ငံရေးကို ဖြေရှင်းရာတွင် ထိရောက်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် အာဆီယံနိုင်ငံများမှ အတည်ပြုခဲ့ပြီးဖြစ်ပါကြောင်း၊ သို့အတွက်ကြောင့် ရွေးကောက်ပွဲကို အပြည့်အဝ အထောက်အကူပြုနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါသည်။ အဆိုပါ အလုပ်သဘောနေ့လယ်စာစားပွဲသို့ ပေကျင်းမြို့အခြေစိုက် အာဆီယံသံအမတ်ကြီးများလည်း တက်ရောက်ခဲ့ကြပြီး ဒေသတွင်းနိုင်ငံများအကြား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။