တတိယအကြိမ် မြန်မာ-တရုတ်နယ်နိမိတ် ပူးတွဲစစ်ဆေးခြင်းအတွက် တတိယအကြိမ် ကြိုတင်ပြင်ဆင်ရေး ကော်မတီ အစည်းအဝေး သတင်းထုတ်ပြန်ချက်

(၇-၁၁-၂၀၁၉ ရက်၊ ရန်ကုန်မြို့)

တတိယအကြိမ် မြန်မာ-တရုတ်နယ်နိမိတ် ပူးတွဲစစ်ဆေးခြင်းအတွက် တတိယအကြိမ် ကြိုတင်ပြင်ဆင်ရေးကော်မတီအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့မှ ၇ ရက်နေ့ အထိ ရန်ကုန်မြို့ရှိ Melia ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ မြန်မာဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ဇံခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး၊ တရုတ်ဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်ပင်လယ်သမုဒ္ဒရာ ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mrs. Wang Wenli ဦးဆောင်သည့် တရုတ် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် တတိယအကြိမ် တရုတ်-မြန်မာ နယ်နိမိတ်ပူးတွဲစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံရမည့် လုပ်ငန်းလမ်းညွှန်ချက်များနှင့် နယ်နိမိတ်တစ်လျှောက် ကောင်းကင် ဓာတ်ပုံရိုက်ကူးရန်အတွက် နည်းပညာပိုင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများကို အဓိကထား၍ နှစ်ဖက်အကြား ချစ်ကြည်ရင်းနှီးစွာဖြင့် အပြန်အလှန်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။