နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနက ကြီးမှူးဖွင့် လှစ်သည့် ဌာနခွဲစာရေးများအတွက် နိုင်ငံခြားရေးရာကျွမ်းကျင်မှုသင်တန်း (Course for Attache’ on Foreign Service Skill-CFA)အမှတ်စဉ် (၆/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ၂၉-၆-၂၀၂၆ ရက်၊ တနင်္လာနေ့၊ နံနက် ၁၀:၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ လောကနတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော် နှင့် ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် သင်တန်းသား/သူ (၃၁) ဦးတက်ရောက်ခဲ့ကြသည်။
နိုင်ငံခြားရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၆/၂၀၂၆) ကို သင်တန်းကာလ (၈)ပတ်ကြာ ရုံးဖွင့်ရက်များအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ သင်တန်းတွင် ပြည်ပသို့ပထမဆုံးအကြိမ်အဖြစ် သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အမှုထမ်းများ (ဌာနခွဲစာရေးများ) အတွက် သံတမန်ရေးရာများ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ၊ ကောင်စစ်၊ ဥပဒေရေးရာနှင့် အာဆီယံဆိုင်ရာကိစ္စရပ်များ၊ အင်္ဂလိပ်ဘာသာစကားစွမ်းရည် စသည်တို့ကိုအဓိကထား၍ သင်ကြားပို့ချသွားမည်ဖြစ်သည်။



