(၁၇-၃-၂၀၂၁ ရက်၊ ရီယာဒ်)
၁။ ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဉီးတင်ယုသည် ၁၇-၃-၂၀၂၁ ရက်၊ ဒေသစံတော်ချိန် ၁၅၀၀ နာရီတွင် ဆော်ဒီအာရေဗျနိုင်ငံ ဘုရင်မင်းမြတ် Salman bin Abdulaziz Al-Saud ထံသို့ Virtual နည်းဖြစ် သံအမတ်ခန့်အပ်လွှာ ပေးအပ်ခဲ့ပါသည်။
၂။ သံအမတ်ကြီး ဉီးတင်ယုသည် ၁၇-၃-၂၀၂၁ ရက်၊ နေ့လည် ၁၂၀၀ နာရီတွင် ဆော်ဒီအာရေဗျနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သွားရောက်ခဲ့ပါသည်။ သံအမတ်ကြီးနှင့်အတူ အခြားခန့်အပ်လွှာပေးအပ်ရမည့် သံအမတ်ကြီး (၂၃) ဉီးလည်း တက်ရောက်ခဲ့ပါသည်။ ၁၂၃၀ နာရီတွင် ဆော်ဒီအာရေဗျနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဌာန အကြီးအကဲက ခန့်အပ်လွှာပေးအပ်ရမည့် အစီအစဉ်များကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါသည်။ ရှင်းလင်းပြောကြားပြီးနောက်တွင် ဆော်ဒီအာရေဗျနိုင်ငံ ဘုရင်မင်းမြတ်၏ နန်းတော်သို့ တစ်ဖွဲ့လျင် သံအမတ်ကြီး (၁၂) ဉီးစီဖြင့် (၂) ဖွဲ့ခွဲ၍ သံအမတ်တစ်ဉီးလျှင် သက်ဆိုင်ရာကားတစ်စီးစီဖြင့် ပို့ဆောင်ခဲ့ပါသည်။ သက်ဆိုင်ရာ ကားတစ်စီးစီတွင် ဆော်ဒီဘုရင့်နန်းတော်၊ သံတမန်ဌာနမှ Liaison officer တစ်ဉီးစီလိုက်ပါ ဆောင်ရွက်ပေးခဲ့ပါသည်။
၃။ နေ့လည် ၁၃၀၀ နာရီတွင် ဆော်ဒီအာရေဗျနိုင်ငံ ဘုရင်မင်းမြတ်၏ နန်းတော်သို့ ရောက်ရှိခဲ့ပြီး ခေတ္တစောင့်ဆိုင်းခဲ့ကာ ၁၅၀၀ နာရီတွင် သံအမတ်ကြီးများ ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကို Virtual နည်းဖြင့် စတင်ကျင်းပခဲ့ပါသည်။ သံအမတ်ကြီးများအား ဆော်ဒီအာရေဗျနိုင်ငံသို့ ရောက်ရှိသည့် နေ့ရက်အလိုက် ဉီးစားပေးစီစဉ်ရာ မြန်မာသံအမတ်ကြီးသည် (၁၆)ယောက်မြောက်နေရာမှ ခန့်အပ်လွှာ ပေးအပ်ခဲ့ပါသည်။
၄။ ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားတွင် မြန်မာသံအမတ်ကြီးမှ ဆော်ဒီအာရေဗျနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်လွှာပေးအပ်ခွင့် ရရှိသည့်အတွက် အထူးဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊ ဆော်ဒီအာရေဗျနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ရှိရင်းစွဲ ဆက်ဆံရေးကို ထိန်းသိမ်းဆောင်ရွက်သွားပြီး၊ နောင်အနာဂါတ်တွင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး ပိုမိုတိုးတက်ကောင်းမွန်စေရန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဆော်ဒီအာရေဗျနိုင်ငံ ဘုရင်မင်းမြတ် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်းနှင့် ဆော်ဒီအာရေဗျနိုင်ငံ ဆက်လက် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ပါစေကြောင်း၊ ဆော်ဒီအာရေဗျနိုင်ငံ၏ ပြည်သူ၊ ပြည်သားများ သာယာဝပြော ပျေိာ်ရွှင်ပါစေကြောင်း ဆုမွန်တောင်းအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။ သံအမတ်ခန့်အပ်လွှာအား ဆော်ဒီအာရေဗျနိုင်ငံ ဘုရင်မင်းမြတ် ကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး မင်းသား Faisal bin Farhan Al Saud က လက်ခံခဲ့ပါသည်။
၅။ ဆော်ဒီအာရေဗျနိုင်ငံ ဘုရင်မင်းမြတ်မှ သံအမတ်ကြီးများအနေဖြင့် ဆော်ဒီအာရေဗျနိုင်ငံအတွင်း တာဝန်ထမ်းဆောင်စဉ် ကိုယ်၊ စိတ်နှစ်ပါး ကျန်းမာ၊ ချမ်းသာစွာဖြင့် တာဝန်များကို အောင်မြင်စွာ ထမ်းဆောင်နိုင်ပါစေကြောင်း၊ တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်ဖြစ်စေ ကိုယ်ရေး ကိုယ်တာကိစ္စရပ်ဖြစ်စေ လိုအပ်သည့် အကူအညီများရှိပါက နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း၊ ဆော်ဒီအာရေဗျနိုင်ငံအနေဖြင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုဘဲ၊ အပြန်အလှန် လေးစားသည့် မူဝါဒကို အခြေခံသည့် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးထား ရှိပါကြောင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ ဆက်ဆံရေးများတွင် တည်ငြိမ်အေးချမ်းရေးကို အလေးထားပြီး၊ ပြဌာန်းထားသည့် နိုင်ငံတကာ ဉပဒေများ၊ စံချိန်စံညွှန်များနှင့်အညီ လိုက်နာဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။




