ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်း များဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းသည် ရာဇဝတ်မှုကြိုတင် ကာကွယ်ရေးနှင့် ပြစ်မှုတရားစီရင်ရေးဆိုင်ရာ ကုလသမဂ္ဂကော်မရှင် (CCPCJ) ၏ (၃၅) ကြိမ်မြောက် အစည်းအဝေးကာလအတွင်း ၃-၆-၂၀၂၆ ရက်တွင် ဗီယင်နာအပြည်ပြည်ဆိုင်ရာစင်တာ၌ ရုရှား အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက ကြီးမှူးကျင်းပသည့် “ဆိုက်ဘာရာဇဝတ်မှု တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း၏ နောက်ဆက်တွဲစာချုပ်နှင့်စပ်လျဉ်းသည့် စကားဝိုင်းဆွေးနွေးပွဲ” သို့ တက်ရောက်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ရုရှားနိုင်ငံမှ ဒုတိယနိုင်ငံခြားရေးဝန်ကြီး H.E. Mr. Dmitry Lyubinskiy နှင့် ဒုတိယပြည်ထဲရေးဝန်ကြီး H.E. Mr. Igor Zubov ၊ အထက်ပါကွန်ဗင်းရှင်းဆိုင်ရာ ယာယီ ကော်မတီဥက္ကဋ္ဌနှင့် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) မှ တာဝန်ရှိသူတို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ပြီး၊ ရုရှားနိုင်ငံက အဆိုပြုလိုသည့် နောက်ဆက်တွဲစာချုပ် (မူကြမ်း) နှင့်ပတ်သက်၍ ရုရှားနိုင်ငံ၏ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ရှင်းလင်း ပြောကြားခဲ့သည်။


