(၂၇-၂-၂၀၂၆၊ ဘဲလ်ဂရိတ်)
မြန်မာသံရုံး၊ ဘဲလ်ဂရိတ်မြို့ရှိ သံအမတ်ကြီး/သံရုံးယာယီတာဝန်ခံ ဦးသန်းထွေးသည် ၂၇-၂-၂၀၂၆ ရက်၊ (သောကြာနေ့)၊ ၁၁:၀၀ နာရီအချိန် ဆားဘီးယားနိုင်ငံခြားရေးဝန်ကြီးဌာနသို့ သွားရောက်၍ အာရှ၊ ဩစတြေးလျနှင့် ပစိဖိတ်ဒေရေးရာဦးစီးဌာန အကြီးအကဲ Mrs. Jelena Markovic Krsticနှင့် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို ဆက်လက်ထိန်းသိမ်းရေး၊ နိုင်ငံအကြား စီးပွားရေး၊ ပညာရေးနှင့် သံတမန်ဆက်ဆံရေးတို့တွင် ပိုမိုတိုးမြှင့် ဆောင်ရွက်သွားရေး၊ လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။ သံအမတ်ကြီး/ သံရုံးယာယီတာဝန်ခံ ဦးသန်းထွေးမှ မြန်မာနိုင်ငံတွင် နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုများနှင့် မြန်မာနိုင်ငံ၌ အောင်မြင်စွာကျင်းပပြီးစီးခဲ့သည့် အထွေထွေရွေးကောက်ပွဲ အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

