ဆဋ္ဌမအကြိမ် အာဆီယံဆိုင်ရာအမြဲတမ်းကိုယ်စားလှယ်များကော်မတီအစည်းအဝေး၊ ဒုတိယအကြိမ် ဂျကာတာမြို့အခြေစိုက် အရှေ့အာရှထိပ်သီးအစည်းအဝေးဆိုင်ရာ သံအမတ်ကြီးများ အစည်းအဝေးနှင့် သီးသန့်အစည်းအဝေးများသို့ မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက် (၂၃-၅-၂၀၂၃ ရက်)

(၂၃-၅-၂၀၂၃ ရက်၊ ဘန်ဒေါင်း)

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ၊ ဘန်ဒေါင်းမြို့တွင် ၂၀၂၃ ခုနှစ် မေလ ၂၂ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့သည့် ဆဋ္ဌမအကြိမ် အာဆီယံဆိုင်ရာအမြဲတမ်းကိုယ်စားလှယ်များ ကော်မတီ အစည်းအဝေး၊ ဒုတိယအကြိမ် ဂျကာတာမြို့ အခြေစိုက် အရှေ့အာရှထိပ်သီးအစည်းအဝေးဆိုင်ရာ သံအမတ်ကြီးများ အစည်းအဝေးနှင့် ယင်း၏ သီးသန့်အစည်းအဝေးများသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးများတွင် အာဆီယံဆိုင်ရာ အင်ဒိုနီးရှားအမြဲတမ်းကိုယ်စားလှယ် H.E. M.I. Derry Aman က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ အမြဲတမ်းကိုယ်စားလှယ်များ၊ အရှေ့အာရှထိပ်သီးအစည်းအဝေးဆိုင်ရာ သံအမတ်ကြီးများနှင့် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ ထို့အပြင် အစည်းအဝေးတွင် တီမောလက်စ်တေနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့မှ လေ့လာသူအဖြစ် ပါဝင်တက်ရောက်ခဲ့ပါသည်။
ဆဋ္ဌမအကြိမ် အာဆီယံအမြဲတမ်းကိုယ်စားလှယ်များကော်မတီ အစည်းအဝေးတွင် အာဆီယံအသိုက်အဝန်း ဖော်ဆောင်ရေးနှင့် အာဆီယံ၏ ပြင်ပဆက်ဆံရေးတို့နှင့် ပတ်သက်သည့် ဖြစ်ပေါ်တိုးတက်မှုများ၊ အဓိကအားဖြင့် အာဆီယံ၏ အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ရေး၊ အာဆီယံ၏ အင်ဒို-ပစိဖိတ်ဒေသ မျှော်မှန်းချက်အမြင် တို့နှင့် ပတ်သက်၍ အမြဲတမ်းကိုယ်စားလှယ်များအကြား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
ဒုတိယအကြိမ် ဂျကာတာမြို့ အခြေစိုက် အရှေ့အာရှထိပ်သီးအစည်းအဝေးဆိုင်ရာ သံအမတ်ကြီးများ အစည်းအဝေးတွင် Manila Plan of Action (2018-2022) အကောင်အထည်ဖော်ရာ၌ ဖြစ်ပေါ်တိုးတက်မှုများ၊ အရှေ့အာရှထိပ်သီးအစည်းအဝေးဝင် နိုင်ငံများအကြား ယခုနှစ်အတွင်း ပူးပေါင်းဆောင်ရွက်လျက်ရှိသော ကိစ္စရပ်များ၊ ၂၀၂၂ ခုနှစ်က ထုတ်ပြန်ခဲ့သည့် ကြေညာချက်များကို အကောင်အထည်ဖော်ရာတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သွားရန် ကိစ္စရပ်များ၊ (၁၃) ကြိမ်မြောက် အရှေ့အာရှ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွက် ပြင်ဆင်ထားရှိမှုများနှင့် သီးသန့်အစည်းအဝေးတွင် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဦးဆောင်ဦးရွက်ပြုမှုများ၊ လုံခြုံရေးမူဝါဒများနှင့် the EAS’ institutional capacity အား မြှင့်တင်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

*******************