(၁၅-၂-၂၀၂၃ ရက်၊ နယူးဒေလီ)
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်သည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်မှ ၁၆ ရက်အထိ တီလန်ဂါနာပြည်နယ်၊ ဟိုင်ဒြာဘတ်မြို့၌ “Strengthening ASEAN-India Partnership in the Indo-Pacific” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့် စတုတ္ထအကြိမ် အာဆီယံ-အိန္ဒိယ လူငယ်ဆွေးနွေးပွဲ (4th ASEAN-India Youth Summit) သို့ အိန္ဒိယနိုင်ငံဆိုင်ရာ အာဆီယံ သံအမတ်ကြီးများ၊ ကောင်စစ်ဝန်ချုပ်များနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။
မြန်မာသံအမတ်ကြီးသည် ၁၄-၂-၂၀၂၃ ရက်တွင် “Cultural & Historical Linkages” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့် အုပ်စုဆွေးနွေးပွဲ၌ မိန့်ခွန်းပြောကြားခဲ့ကာ တက်ရောက်လာကြသည့် အာဆီယံ လူငယ်များနှင့် အပြန်အလှန်ဆွေးနွေး၍ သိရှိလိုသည်များကို ဖြေကြားခဲ့ပါသည်။
၁၂-၂-၂၀၂၃ ရက်တွင် ကျင်းပခဲ့သည့် စတုတ္ထအကြိမ်မြောက် အာဆီယံ-အိန္ဒိယ လူငယ်ဆွေးနွေးပွဲကို အိန္ဒိယနိုင်ငံ၊ ကမ္ဘာလှည့်ခရီးသွားနှင့် အိန္ဒိယအရှေ့မြောက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး H.E. Shri G. Kishan Reddy မှ တက်ရောက် မိန်ခွန်းပြောကြား ဖွင့်လှစ်ပေးခဲ့ပြီး၊ အာဆီယံ အတွင်းရေးမှူးချုပ် Mr. Kao Kim Hourn မှ virtual စနစ်ဖြင့် ပါဝင်မိန့်ခွန်းပြောကြားခဲ့ပါသည်။
၁၄-၂-၂၀၂၃ ရက်တွင် ကျင်းပခဲ့သည့် ဆွေးနွေးပွဲပိတ်ပွဲ၊ နှုတ်ဆက်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားများသို့ တီလန်ဂါနာပြည်နယ်အုပ်ချုပ်ရေးမှူး H.E. Smt. Tamilisai Soundararajan နှင့် ပြည်ပရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Shri. Rajkumar Ranjan Singh တို့မှ တက်ရောက်မိန့်ခွန်းပြောကြား၍ စင်ကာပူယဉ်ကျေးမှု၊ အသိုက်အဝန်းနှင့် လူငယ်ရေးရာဝန်ကြီးဌာန နှင့် ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Mr. Alvin Tan မှ virtual စနစ်ဖြင့် မိန့်ခွန်းပြောကြားခဲ့ပါသည်။
အိန္ဒိယအစိုးရ၊ ပြည်ပရေးရာဝန်ကြီးဌာနနှင့် အိန္ဒိယဖောင်ဒေးရှင်းတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် စတုတ္ထအကြိမ် အာဆီယံ-အိန္ဒိယ လူငယ်ဆွေးနွေးပွဲသို့ အာဆီယံအဖွဲ့ဝင်(၁၀) နိုင်ငံနှင့် အိန္ဒိယနိုင်ငံ တို့မှ လူငယ်ကိုယ်စားလှယ် စုစုပေါင်း (၁၇၅) ဦး တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံရှိ ကဏ္ဍအသီးသီးမှ လူငယ်ကိုယ်စားလှယ် (၈) ဦးလည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။





