စတုတ္တအကြိမ်မြောက် အာဆီယံအမျိုးသမီးခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးသို့ မြန်မာသံအမတ်ကြီး ဒေါ်အိအိတင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

(၂-၁၀-၂၀၂၆ ရက်၊ Mandaluyuong)

ဖိလစ်ပိုင်နိုင်ငံ၊ Mandaluyuong မြို့ရှိ Shangri-La EDSA ဟိုတယ်၌ ၂၉-၉-၂၀၂၆ ရက်မှ ၁-၁၀-၂၀၂၆ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် စတုတ္တအကြိမ်မြောက် အာဆီယံအမျိုးသမီးခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးသို့ မနီလာမြို့၊ မြန်မာသံရုံး၊ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဒေါ်အိအိတင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။

အဆိုပါ စတုတ္တအကြိမ်မြောက် အာဆီယံအမျိုးသမီးခေါင်းဆောင်များ ထိပ်သီး အစည်းအဝေးကို အာဆီယံဒေသတွင်း အားလုံးပါဝင်သော ကြွယ်ဝချမ်းသာမှုအတွက် အမျိုးသမီးများ ဦးဆောင်ကြမည့် ၂၀၂၆ ခေါင်းစဉ်ဖြင့် (2026: The Year of Womens Leadership for Inclusive Prosperity in the ASEAN Region) ကျင်းပပြုလုပ်ခဲ့ပြီး ယင်းထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာမှ တက်ရောက်ခဲ့ပြီး မိန့်ခွန်းပြောကြားခဲ့ပါသည်။ ထို့အပြင် ထိပ်သီးအစည်းအဝေး၏ ကြိုဆိုညစာစားပွဲသို့ ဖိလစ်ပိုင် သမ္မတ ကတော် Her Excellency Marie Louise “Liza” Cacho Araneta-Marco ဂုဏ်ထူးဆောင် ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပါသည်။ ထိပ်သီးအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အမျိုးသမီးရေးရာဝန်ကြီးများ၊ မူဝါဒချမှတ်သူများ၊ ဖွံ့ဖြိုးတိုးတက်ရေးမိတ်ဖက်အဖွဲ့ အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ လူငယ်ခေါင်းဆောင်များ အပါအဝင် ကိုယ်စားလှယ် ၁၈၀ ကျော် တက်ရောက်ခဲ့ပါသည်။

အဆိုပါ ထိပ်သီးအစည်းအဝေးအား အာဆီယံဒေသတွင်း၌ ငြိမ်းချမ်းရေးတည်ဆောက်မှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ဆန်းသစ်တီထွင်မှု၊ အုပ်ချုပ်မှုနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုတို့တွင် အမျိုးသမီးများအနေဖြင့် အပြည့်အဝပါဝင်နိုင်ခြင်း၊ အကျိုးပြုနိုင်ခြင်းနှင့် အကျိုးခံစားနိုင်ခြင်းတို့ရှိသည့် မျှော်မှန်းချက်ကို ရှေ့ဆက်အကောင်အထည်ဖော်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။