စင်ကာပူမြို့အခြေစိုက် အာဆီယံနိုင်ငံသံရုံးများမှ အာဆီယံဂုဏ်ပြုညစာစားပွဲ ကျင်းပ(၂၈-၁၁-၂၀၂၂ရက်)

(၂၈၁၁၂၀၂၂ ရက်၊ စင်ကာပူ)

စင်ကာပူနိုင်ငံအခြေစိုက် အာဆီယံနိုင်ငံသံရုံးများ၏ အာဆီယံဂုဏ်ပြုညစာစားပွဲ (ASEAN Gala Night) အား၂၀၂၂ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌနိုင်ငံဖြစ်သော ကမ္ဘောဒီးယားနိုင်ငံသံရုံးမှ ကြီးမှူး၍ စင်ကာပူမြို့၊ Orchard Hotel ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်တွင် (၁၇၁၅) နာရီမှ (၂၁၀၀) နာရီအထိ ကျင်းပခဲ့ရာ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ပါဝင်တက်ရောက်ခဲ့ပါသည်။

ASEAN Gala Night အခမ်းအနားသို့ အထူးဧည့်သည်တော်အဖြစ် စင်ကာပူနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှအမြဲတမ်းအတွင်းဝန် H.E. Mr. Albert Chua နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှဒေသဆိုင်ရာဌာနမှတာဝန်ရှိပုဂ္ဂိုလ်များ၊ စင်ကာပူမြို့အခြေစိုက် အာဆီယံနိုင်ငံနှင့် ဆွေးနွေးဖက်နိုင်ငံသံရုံးများ၊ ပြင်ပမိတ်ဖက်နိုင်ငံသံရုံးများမှ သံအမတ်ကြီး/ သံရုံးအကြီးအကဲများနှင့် သံရုံးဝန်ထမ်းများ၊ သက်ဆိုင်ရာ သံရုံးများအလိုက် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

ယင်းအခမ်းအနားတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံ၊ ကမ္ဘောဒီးယား သံအမတ်ကြီး H.E. Mr. Sok Khoeun နှင့်အိမ်ရှင်စင်ကာပူအစိုးရ၏ အထူးဧည့်သည်တော် စင်ကာပူနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်H.E. Mr. Albert Chua တို့က အမှာစကားများ ပြောကြားခဲ့ကြပါသည်။

ASEAN Gala Night ဂုဏ်ပြုညစာစားပွဲတွင် စင်ကာပူအခြေစိုက် အခြားအာဆီယံသံရုံးများနည်းတူ မြန်မာသံရုံးမှမြန်မာ့ရိုးရာယဉ်ကျေးမှုပစ္စည်းများ၊ လက်ဝတ်ရတနာများနှင့် အသုံးအဆောင်များကို မြန်မာပြခန်းငယ်၌ခင်းကျင်းပြသခဲ့ကာ တက်ရောက်လာသည့် ဧည့်သည်တော်များအား မြန်မာ့ရိုးရာအစားအစာများဖြစ်ကြသောအုန်းနို့ခေါက်ဆွဲ၊ ငှက်ပျောဆနွင်းမကင်းနှင့် မုန့်လိပ်ပြာတို့ဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။

အခမ်းအနားတွင် အထူးအစီအစဉ်အဖြစ် အာဆီယံနိုင်ငံသံရုံးများမှ စီစဉ်တင်ဆက်သည့် ရိုးရာ အဆိုအကများဖြင့်ဖျော်ဖြေတင်ဆက်ခဲ့ကြရာ မြန်မာသံရုံးမှလည်း မြန်မာ့ရိုးရာသင်္ကြန်သီချင်း ဖြစ်သောသင်္ကြန်မိုးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေခဲ့ပါသည်။ ထို့အပြင် အခမ်းအနားသို့ တက်ရောက်လာသူများအား အာဆီယံနိုင်ငံသံရုံးများမှ စီစဉ်ဆောင်ရွက်သည့် ကံစမ်းမဲများကို ဖွင့်ဖောက် ပေးအပ်ခဲ့ကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။