စင်ကာပူနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့

(၂၁-၅-၂၀၂၀ ရက်၊ နေပြည်တော်)

၁။ နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် စင်ကာပူနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၄၅) ဉီးအား ပဉ္စမအသုတ်အဖြစ် မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airlines-MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ၂၁-၅-၂၀၂၀ ရက်နေ့၊ ညနေ (၄:၁၅) နာရီတွင် အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။

၂။ ထို့အပြင် ဗီယက်နမ်နိုင်ငံတွင် အခက်အခဲဖြစ်နေသည့် မြန်မာနိုင်ငံသား (၉) ဉီးကိုလည်း မြန်မာနိုင်ငံရောက် ဗီယက်နမ်နိုင်ငံသားများအား လာရောက်ခေါ်ဆောင်သည့် Vietjet ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ရန် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ ၎င်းမြန်မာနိုင်ငံသား (၉) ဉီးသည် ယနေ့မွန်းလွဲ (၁၂:၄၅) နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။

၃။ ၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် (၂၁) ရက်တာ အသွားအလာကန့်သတ် နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့ကြသည်။

၄။ ပြည်ပနိုင်ငံများ၌ အခက်အခဲတွေ့နေကြသည့် မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ဆောင်ရန် (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အချိန်ထိ မြန်မာအစိုးရအနေဖြင့် ပြည်ပနိုင်ငံများတွင် ရောက်ရှိပိတ်မိနေသည့် မြန်မာနိုင်ငံသားစုစုပေါင်း (၂၀၃၇) ဉီးအား မြန်မာနိုင်ငံသို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ခေါ်ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။