စင်ကာပူနိုင်ငံနှင့် ထိုင်ဝမ်(တရုတ်-တိုင်ပေ)တို့တွင် အခက်အခဲကြုံတွေ့ နေရသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာသင်္ဘောသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့

(၂၆-၇-၂၀၂၀ ရက်၊ နေပြည်တော်)

၁။ ပြည်ပမှ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုအန္တရာယ်တို့မှ ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် အစီအမံများကို ဆက်လက် ချမှတ်ဆောင်ရွက်လျက်ရှိသဖြင့် မြန်မာနိုင်ငံသို့ ပျံသန်း ပြေးဆွဲသည့် လေကြောင်းခရီးစဉ်များ ယာယီရပ်ဆိုင်းမှုကြောင့် ထိုင်ဝမ် (တရုတ်-တိုင်ပေ) တွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၅၈) ဦးအား China Airlines ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် မြန်မာကောင်စစ်ဝန်ချုပ် ရုံး၊ ဟောင်ကောင်မြို့မှ ညိနှိုင်းဆောင်ရွက်ပေးခဲ့ရာ ယနေ့နံနက် (၀၉:၂၅) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။

၂။ ထို့ပြင် နိုင်ငံတကာသင်္ဘောအသီးသီးတွင် တာဝန်ထမ်းဆောင်နေပြီး စာချုပ်သက်တမ်း ပြည့်လွန်နေသဖြင့် Crew Change ပြုလုပ်ရန် လိုအပ်နေသည့် မြန်မာသင်္ဘောသား စုစုပေါင်း (၄၅)ဦးတို့အား သက်ဆိုင်ရာ သင်္ဘောကုမ္ပဏီများ၏ စီစဉ်ပေးမှုအရ စင်ကာပူနိုင်ငံ၊ ချန်ဂီအပြည် ပြည်ဆိုင်ရာလေဆိပ်မှ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) အထူးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် မြန်မာသံရုံး၊ စင်ကာပူမြို့မှ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ ယနေ့ မွန်းလွဲ (၀၁:၀၀) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။

၃။ ဖော်ပြပါမြန်မာနိုင်ငံသားများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် (၂၁) ရက်တာ အသွားအလာကန့်သတ် နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍ အလိုက်တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။

၄။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံအသီးသီးတွင် ပိတ်မိ၍ အခက်အခဲ ကြုံတွေ့နေကြသည့် မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ဆောင် နိုင်ရေးအတွက် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ မြန်မာသံရုံး/ ကောင်စစ်ဝန်ချုပ်ရုံးများနှင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနတို့နှင့် ပူးပေါင်းညှိနှိုင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အချိန်ထိ မြန်မာနိုင်ငံသားစုစုပေါင်း (၈၈၃၁) ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီးဖြစ်သည်။