(၅-၂-၂၀၂၁ ရက်၊ စင်ကာပူ)
COVID-19 တားဆီးကာကွယ်ရေးအစီအမံများကြောင့် စင်ကာပူနိုင်ငံတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသည့် မြန်မာနိုင်ငံသားများအား ၅-၂-၂၀၂၁ ရက် (သောကြာနေ့)၊ ဒေသစံတော်ချိန် (၁၅:၁၇)နာရီတွင် (၃၈) ကြိမ်မြောက် Relief Flight အဖြစ် မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airlines-MNA) ပျံသန်းအမှတ် UB 1002 ဖြင့် စင်ကာပူနိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပါသည်။
အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် စင်ကာပူနိုင်ငံတွင် ပညာသင်ကြားပြီးဆုံး၍ အမိမြန်မာနိုင်ငံသို့ ပြန်ကြသည့် ကျောင်းသား/ သူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ အလုပ်လုပ်ခွင့်ပါမစ် ဖျက်သိမ်း/ ရပ်နားခံထားရသူများ၊ ပြစ်ဒဏ်ကျခံပြီး ပြန်လည်လွတ်မြောက်လာသူများ၊ မြန်မာနိုင်ငံ၌ ဆေးကုသမှုပြန်လည်ခံယူရန် လိုအပ်နေသူများ အပါအဝင် စုစုပေါင်း(၁၁၅)ဦး လိုက်ပါသွားကြပါသည်။
ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါမည့် မြန်မာနိုင်ငံသားများအနေဖြင့် လေဆိပ်၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် အခက်အခဲမရှိစေရေးနှင့် စင်ကာပူနိုင်ငံမှ အဆင်ပြေချောမွေ့စွာ ထွက်ခွာနိုင်ရေးအတွက် မြန်မာသံအမတ်ကြီး ဦးဆောင်သော သံရုံးကိုယ်စားလှယ်အဖွဲ့သည် ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးခဲ့ပါသည်။






