စင်ကာပူနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့

(၂၈-၆-၂၀၂၀ ရက်၊ နေပြည်တော်)

၁။ ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ဆောင်ရန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ နိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ စင်ကာပူနိုင်ငံတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၅၄) ဦးတို့အား စင်ကာပူနိုင်ငံ၊ ချန်ဂီအပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေ (၁၇:၀၀) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိ ခဲ့ကြသည်။

၂။ ဖေါ်ပြပါ မြန်မာနိုင်ငံသားများ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စိစစ်ရေးနှင့် (၂၁) ရက်တာ အသွားအလာကန့်သတ် နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက် ပေးခဲ့သည်။

၃။ နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်းမှုယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံများ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားစုစုပေါင်း (၅၈၂၇) ဦးအား ကယ်ဆယ်ရေးလေယာဉ်များဖြင့် မြန်မာနိုင်ငံသို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ခေါ်ဆောင် ပေးခဲ့ပြီးဖြစ်ပါသည်။ ၁-၇-၂၀၂၀ ရက်နေ့တွင်လည်း စင်ကာပူဆိပ်ကမ်း၌ အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာ သင်္ဘောသားများအား စင်ကာပူနိုင်ငံ၊ ချန်ဂီအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဒသမကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။