စင်ကာပူနိုင်ငံတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသည့် မြန်မာနိုင်ငံသားများအား (၉) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ခဲ့ခြင်း

(၂၈-၆-၂၀၂၀ ရက်၊ စင်ကာပူ)

၁။ COVID-19 တားဆီးကာကွယ်ရေးအစီအမံများကြောင့် စင်ကာပူနိုင်ငံတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသည့် မြန်မာနိုင်ငံသားများအား ၂၈-၆-၂၀၂၀ ရက် (တနင်္ဂနွေနေ့)၊ ဒေသစံတော်ချိန် (၁၅:၃၈) နာရီတွင် (၉) ကြိမ်မြောက် Relief Flight အဖြစ် မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airlines-MNA) ပျံသန်းအမှတ် UB 1002 ဖြင့် စင်ကာပူနိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပါသည်။ အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် စင်ကာပူနိုင်ငံသို့ ကာလတိုလာရောက်စဉ် ပိတ်မိနေသူများ၊ စင်ကာပူ နိုင်ငံတွင် ပညာသင်ကြားနေသည့် ကျောင်းသား/သူများ၊ ကိုယ်ဝန်ဆောင် မိခင်များ၊ ပြစ်ဒဏ်ကျခံပြီး ပြန်လည်လွတ်မြောက်လာသူများ၊ အလုပ်လုပ်ခွင့်ပါမစ် ဖျက်သိမ်း/ရပ်နားခံထားရသူများ၊ သင်္ဘောသားများ မြန်မာနိုင်ငံ၌ ပြန်လည်ဆေးကုသမှု ခံယူရန် လိုအပ်နေသူများအပါအဝင် စုစုပေါင်း (၁၅၄) ဦး လိုက်ပါသွားကြပါသည်။

၂။ ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါမည့် မြန်မာနိုင်ငံသားများအနေဖြင့် လေဆိပ်၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် အခက်အခဲ မရှိစေရေးနှင့် စင်ကာပူနိုင်ငံမှ အဆင်ပြေချောမွေ့စွာ ထွက်ခွာနိုင်ရေးအတွက် မြန်မာသံအမတ်ကြီး ဦးဆောင်သော သံရုံးကိုယ်စားလှယ်အဖွဲ့သည် ချန်ဂီအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။