စင်ကာပူနိုင်ငံတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသည့် မြန်မာနိုင်ငံသားများအား ပဉ္စမအကြိမ် ကယ်ဆယ်ရေးလေယာဉ် (Relief Flight) ဖြင့် ပြန်လည်ပို့ဆောင်ပေး

(၂၁-၅-၂၀၂၀ ရက်၊ စင်ကာပူမြို့)

စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airlines-MNA) ပျံသန်းအမှတ် UB 1002 ဖြင့် ပဉ္စမအကြိမ် ပြေးဆွဲသည့် ကယ်ဆယ်ရေးလေယာဉ် (Relief Flight) သည် ၂၁-၅-၂၀၂၀ ရက်၊ ဒေသစံတော်ချိန် ၁၄၄၅ နာရီတွင် စင်ကာပူနိုင်ငံ၊ ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်မှ အဆင်ပြေချောမွေ့စွာ ထွက်ခွာသွားခဲ့ပြီး၊ အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် စင်ကာပူနိုင်ငံသို့ ကာလတို လာရောက်စဉ် ပိတ်မိနေသည့်သူများ၊ စင်ကာပူနိုင်ငံတွင် ပညာသင်ကြားနေသည့် ကျောင်းသား/သူများ၊ အလုပ်လုပ်ခွင့်ပါမစ် ဖျက်သိမ်း/ရပ်နားခံထားရသူများ အပါအဝင် စုစုပေါင်း (၁၄၅) ဦး လိုက်ပါသွားခဲ့ပါသည်။

အဆိုပါကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါမည့် မြန်မာနိုင်ငံသားများ အဆင်ပြေချောမွေ့စွာ ထွက်ခွာနိုင်ရေးနှင့် လေဆိပ်၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စရပ်များ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် မြန်မာသံအမတ်ကြီး ဦးဆောင်သော သံရုံးကိုယ်စားလှယ်အဖွဲ့သည် ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။