စင်ကာပူနိုင်ငံတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသည့် မြန်မာနိုင်ငံသားများအား စတုတ္ထအကြိမ် ကယ်ဆယ်ရေး လေယာဉ်(Relief Flight) ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့

(၁၆-၅-၂၀၂၀ ရက်၊ စင်ကာပူ)

စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airlines-MNA) ပျံသန်းအမှတ် UB 1002 ဖြင့် စတုတ္ထအကြိမ် ပြေးဆွဲသည့် ကယ်ဆယ်ရေးလေယာဉ်(Relief Flight) သည် ၁၆-၅-၂၀၂၀ ရက်နေ့(စနေနေ့)၊ ဒေသ စံတော်ချိန် (၁၄:၄၅) နာရီတွင် စင်ကာပူနိုင်ငံ၊ ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်မှ အဆင်ပြေ ချောမွေ့စွာ ထွက်ခွာသွားခဲ့ပြီး၊ အဆိုပါကယ်ဆယ်ရေးလေယာဉ်တွင် စင်ကာပူနိုင်ငံသို့ ကာလတို လာရောက်စဉ် ပိတ်မိနေသူများ၊ စင်ကာပူ နိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီး ပြန်လည် လွတ်မြောက်လာသူများ၊ ပညာသင်ကြားနေသည့် ကျောင်းသား/သူများ၊ အလုပ်လုပ်ခွင့် ပါမစ် ဖျက်သိမ်း/ရပ်နားခံထားရသူများအပါအဝင် စုစုပေါင်း(၁၄၄) ဦး လိုက်ပါသွားခဲ့ပါသည်။

ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါမည့် မြန်မာနိုင်ငံသားများ အဆင်ပြေ ချောမွေ့စွာ ထွက်ခွာနိုင်ရေးနှင့် လေဆိပ်၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စရပ်များ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် မြန်မာသံအမတ်ကြီး ဦးဆောင်သော သံရုံးကိုယ်စားလှယ်အဖွဲ့သည် ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။