ငလျင်ဘေးဒဏ်သင့်ခဲ့သည့် ဒေသများရှိ ပြည်သူများအတွက် စေတနာရှင်များက ငွေလှူဒါန်းခဲ့ခြင်း (၉-၅-၂၀၂၅ ရက်)

(၉-၅-၂၀၂၅ရက်၊တိုကျို)

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက် (သောကြာနေ့) က မန္တလေးမြို့၏ အရှေ့မြောက်ဘက် (၂၀) မိုင်ခန့်အကွာကို ဗဟိုပြု၍ ပြင်းအား ၇.၇ ရစ်ချ်တာစကေးရှိသည့် အင်အားပြင်းမြေငလျင် လှုပ်ခတ် ခဲ့သဖြင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်နှင့် အခြားမြို့သောများတွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ် ခဲ့ရပါသည်။ အဆိုပါမြေငလျင်ဒဏ်သင့်ဒေသများရှိ ပြည်သူများအတွက် အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဂျပန် ပို့ဆောင်ရေး ဝန်ကြီးဟောင်း H.E. Mr. Makoto Koga မှ ယန်းငွေ ၅၀၀,၀၀၀ (ယန်းငါးသိန်း) ကို (၂၃-၄-၂၀၂၅) ရက်နေ့ကလည်းကောင်း၊ Sai no Kuni Health and Welfare Cooperative မှ ယန်းငွေ ၃၀၀,၀၀၀ (ယန်းသုံးသိန်း) နှင့် EAINDRA Network Co., Ltd မှ ယန်းငွေ ၁၀၀,၀၀၀ (ယန်း ၁ သိန်း) တို့ကို (၃၀-၄-၂၀၂၅) ရက်နေ့ကလည်းကောင်း၊ Medical Care Planning Co., Ltd မှ ယန်းငွေ ၃၀၀,၀၀၀ (ယန်းသုံးသိန်း) နှင့် Tokyo One Co., Ltd တို့မှ ယန်းငွေ ၂၀၀,၀၀၀ (ယန်းနှစ်သိန်း) တို့ကို (၇-၅-၂၀၂၅) ရက်နေ့ကလည်းကောင်း၊ ရှီနာဂါဝါမြို့နယ်အတွင်းရှိ ဂျပန်နိုင်ငံသားစေတနာရှင်များမှ ယန်းငွေ ၄၀,၀၀၀ (ယန်းလေးသောင်း) ကို (၇-၅-၂၀၂၅) ရက်နေ့ကလည်းကောင်း၊ အသီးသီးလာ ရောက်လှူဒါန်းခဲ့ရာ သံအမတ်ကြီး ဦးစိုးဟန်မှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ပါသည်။ မေလ (၉) ရက်နေ့အထိ မြန်မာသံရုံးတွင် စေတနာရှင်များနှင့် အဖွဲ့အစည်းအသီးသီးတို့မှ စုပေါင်းလှူဒါန်းငွေအနေဖြင့် ယန်း ၁၅,၀၁၃,၀၀၀ (ယန်း တစ်ဆယ့်ငါးသန်း တစ်သောင်းသုံးထောင်) အား လက်ခံရရှိခဲ့ပြီး စုစုပေါင်း ယန်း ၂၀,၀၀၀,၀၀၀ (ယန်း သန်း ၂၀ တိတိ) ပမာဏရှိ အစား အသောက်နှင့်ဆေးဝါးများ၊ သောက်ရေသန့်နှင့် ရွက်ဖျင်တဲများအား လက်ခံရရှိခဲ့ပါသည်။ AEON 1% Club Foundation မှ ငလျင်ဘေးဒဏ်သင့်ဒေသများရှိ မြန်မာပြည်သူလူထုအတွက် လှူဒါန်းသော ယန်း ၁၀,၀၀၀,၀၀၀ (ယန်း ၁၀ သန်း) တန်ဖိုးရှိ အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများကို မြန်မာနိုင်ငံ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လွှဲပြောင်းလက်ခံရယူပြီး ဖြစ်ပါသည်။ အဆိုပါလှူဒါန်းငွေများနှင့်ပစ္စည်းများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုကော်မတီသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ဆက်လက်ပေးပို့လှူဒါန်းသွားမည် ဖြစ်ပါကြောင်း သိရှိရပါသည်။