(၂၇-၃-၂၀၂၁၊ အာမန်)
၁။ ကမ္ဘာနှင့်အဝှမ်း လက်တလော ဖြစ်ပွားနေသည့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအချို့တွင် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ပြေးဆွဲမှုများ ယာယီရပ်ဆိုင်းထားသည့် ကာလအတွင်း၌ ဂျော်ဒန်နိုင်ငံအတွင်း၌ အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲ ကြုံတွေ့နေရသော မြန်မာနိုင်ငံသားများအား နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးမည့် ဒဿမအကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် (Relief Flight) ဖြစ်သည့် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (Myanmar Airways International – MAI) ၏ လေယာဉ်ခရီးစဉ်သည် ဂျော်ဒန်နိုင်ငံ၊ အာမန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ၂၇-၃-၂၀၂၁ ရက်(စနေနေ့)၊ ဒေသစံတော်ချိန်(၁၉:၃၀) နာရီတွင် စတင်ပျံသန်းထွက်ခွာခဲ့ပြီးဖြစ်ပါသည်။
၂။ အဆိုပါ ဒဿမအကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်ဖြင့် Sidney Apparel ကုမ္ပဏီတွင် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား(၈) ဦး၊ Rich Pine ကုမ္ပဏီတွင် လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား (၁၁) ဦး၊ Century Miracle ကုမ္ပဏီတွင် လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား (၈) ဦးနှင့် Camel and Vega ကုမ္ပဏီတွင် လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား (၁၄၄) ဦး၊ စုစုပေါင်း မြန်မာနိုင်ငံသား (၁၇၁) ဦး လိုက်ပါသွားခဲ့ပါသည်။ ပြည်တွင်း၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ကာကွယ်၊ တားဆီးနိုင်ရန် ရည်ရွယ်၍ ခရီးသည်များအနေဖြင့် ခရီးစဉ်မတိုင်မီ ၇၂ နာရီအတွင်း COVID-19 ရောဂါစစ်ဆေးမှုများကို ပြုလုပ်ခဲ့ပါသည်။ ဖော်ပြပါ မြန်မာနိုင်ငံသားများအနက်မှ နိုင်ငံကူးလက်မှတ်သက်တမ်း ကျော်လွန်နေကြသည့်သူများကိုလည်း အဆင်ပြေချောမော့စွာဖြင့် နေရပ်ပြန်နိုင်ရေးကို ထောက်ရှု၍ သံရုံးထောက်ခံစာများကို မြန်မာသံရုံး၊ တဲလ်အဗီးမြို့က အခမဲ့ အချိန်မီ ထုတ်ပေးခဲ့ကြောင်း သိရှိရပါသည်။







