ဂျော်ဒန်နိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲကြုံ‌တွေ့နေရသော မြန်မာနိုင်ငံသားများအား ကယ်ဆယ်ရေးလေယာဉ်ဖြင့် ဒုတိယအကြိမ် ထပ်မံပို့ဆောင်

(၂၅-၇-၂၀၂၀ ရက်နေ့၊ အာမန်မြို့)

COVID-19 တားဆီးကာကွယ်ရေး အစီအမံများကြောင့် ဂျော်ဒန်နိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းပြေးဆွဲမှုများ ယာယီရပ်ဆိုင်းထားသည့် ကာလအတွင်း၌ အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲ ကြုံတွေ့နေရသော မြန်မာနိုင်ငံသားများကို နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးမည့် ဒုတိအကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် (Relief Flight) အဖြစ် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (Myanmar Airways International –MAI) ၏ လေယာဉ်ခရီးစဉ်သည် ဂျော်ဒန်နိုင်ငံ၊ အာမန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ၂၅-၇-၂၀၂၀ ရက်နေ့၊ ဒေသစံတော်ချိန် (၁၃:၅၀) အချိန်တွင် စတင်ပျံသန်း ထွက်ခွာခဲ့ပြီဖြစ်ပါသည်။

အဆိုပါ ဒုတိယအကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်တွင် Century Miracle ကုမ္ပဏီတွင် လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား (၁) ဦးနှင့် Camel and Vega ကုမ္ပဏီတွင် လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား (၁၆၉)+( ရင်ခွင်ပိုက် ၁) ဦး စုစုပေါင်း မြန်မာနိုင်ငံသား (၁၇၁) ဦး လိုက်ပါသွားကြပါသည်။ အထက်ပါ မြန်မာနိုင်ငံသားများအနက်မှ (၂၀) ဦးသည် နိုင်ငံကူးလက်မှတ်သက်တမ်းများ ကျော်လွန်နေကြသည့် အတွက် အဆင်ပြေချောမွေ့စွာ နေရပ်ပြန်နိုင်ရေးထောက်ရှု၍ မည်သူ၊ မည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ်များကို အချိန်မီထုတ်ပေးခဲ့ပြီး ရင်ခွင်ပိုက်ကလေးငယ်အတွက်ကိုလည်း မည်သူ၊ မည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် ထုတ်ပေးခဲ့ကြောင်း သိရှိရပါသည်။