ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက (၃၀) ကြိမ်မြောက် ဂျာမနီနိုင်ငံ ပြန်လည်ပေါင်းစည်းသည့်နေ့ အခမ်းအနားသို့ တက်ရောက်

(၇-၁၀-၂၀၁၉ ရက်၊ ဘာလင်မြို့)

ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်ယဉ်ယဉ်မြင့်သည် Schleswig-Holstein ပြည်နယ်၊ Kiel မြို့တွင် ၃-၁၀-၂၀၁၉ ရက်က ကျင်းပခဲ့သည့် (၃၀) ကြိမ်မြောက် ဂျာမနီနိုင်ငံ ပြန်လည်ပေါင်းစည်းသည့်နေ့ (German Unity Day) အထိမ်းအမှတ် ဧည့်ခံပွဲသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အခမ်းအနားသို့ ဂျာမန်သမ္မတကြီး Dr. Frank-Walter Steinmeier နှင့် ဇနီး၊ ဝန်ကြီးချုပ် Dr. Angela Merkel နှင့် ခင်ပွန်း၊ ဂျာမန်လွှတ်တော်ဥက္ကဋ္ဌများနှင့် စစ်ဘက်၊ အရပ်ဘက် အဖွဲ့အစည်းအသီးသီးမှ အဆင့်မြင့်အရာရှိကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ် Mr. Daniel Günther နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဘာလင်မြို့အခြေစိုက် သံတမန်အကြီးအကဲများ၊ အလွှာအသီးသီးမှ ပြည်သူများလည်း ပါဝင်တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အထိမ်းအမှတ်အခမ်းအနားတွင် ဂျာမနီဝန်ကြီးချုပ် Dr. Merkel က မိန့်ခွန်းပြောကြားခဲ့ရာ စတင်ပေါင်းစည်းနိုင်ခဲ့သည့် ၃-၁၀-၁၉၈၉ ရက်နှင့် ဘာလင်တံတိုင်းပြိုသည့် ၉-၁၁-၁၉၈၉ ရက်တို့၏ သမိုင်းဝင်အဖြစ်အပျက်များအား ပြန်လည်ပြောကြားခဲ့ပြီး၊ ဂျာမနီနိုင်ငံအနေဖြင့် မတူကွဲပြားမှုကို နားလည်ပြီး၊ အပေးအယူ အလျှော့အတင်းကို အခြေခံ၍ ဆွေးနွေးအဖြေရှာကာ ချစ်ကြည်သော နိုင်ငံတကာ ဆက်ဆံရေးကို ထူထောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အခမ်းအနားတွင် လူငယ် (၂၀၀) ခန့်နှင့် Kiel Orchestra တို့က ဧည့်ခံဖျော်ဖြေခဲ့ကြပါသည်။

ဂျာမနီနိုင်ငံ ပြန်လည်ပေါင်းစည်းသည့်နေ့သည် ဂျာမနီနိုင်ငံ၏ အမျိုးသားနေ့ဖြစ်ကာ ပြည်နယ်မြို့တော်များတွင် အလှည့်ကျ ကျင်းပလေ့ရှိကြောင်း သိရှိရပါသည်။

သံအမတ်ကြီး ဒေါ်ယဉ်ယဉ်မြင့်သည် Kiel မြို့သို့ သွားရောက်စဉ် Hamburg မြို့အခြေစိုက် အာရှ-ပစိဖိတ်နိုင်ငံများဆိုင်ရာ ဂျာမန် ကုန်သည်ကြီးများအသင်း (German Business Association for Asia and the Pacific – OAV) မှ ညွှန်ကြားရေးမှူး Ms. Almut Rößner အား ၂-၁၀-၂၀၁၉ ရက်၊ ၁၄၀၀ နာရီတွင် Hamburg မြို့၌ တွေ့ဆုံခဲ့ပါသည်။

ထိုသို့ တွေ့ဆုံစဉ် သံအမတ်ကြီးမှ မြန်မာနိုင်ငံဆိုင်ရာ နောက်ဆုံးတိုးတက်ဖြစ်ပေါ်မှုများ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေအနေနှင့် အခွင့်အလမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီး OAV နှင့် ပူးပေါင်းလျက် မြန်မာနိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးဆိုင်ရာ ဆွေးနွေးပွဲများအား ဂျာမနီနိုင်ငံ မြို့ကြီးများတွင် ကျင်းပရေးတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။