(၂၃-၈-၂၀၂၃ ရက်၊ တိုကျို)
(၂၅) ကြိမ်မြောက် ဂျပန်အပြည်ပြည်ဆိုင်ရာ ရေထွက်ကုန်နှင့်နည်းပညာပြပွဲ (25th Japan International Seafood & Technology Expo) ဖွင့်ပွဲအခမ်းအနားကို ၂၃-၈-၂၀၂၃ ရက်၊ နံနက်ပိုင်းတွင် Tokyo International Exhibition Center ၌ ကျင်းပခဲ့ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်မှ အခမ်းအနားသို့ ပါဝင်တက်ရောက်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဝန်ကြီး Mr. NISHIMURA Yasutoshi ၊ စိုက်ပျိုးရေးသစ်တောနှင့်ငါးလုပ်ငန်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. NONAKA Atsushi ၊ ဂျပန်နိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ Mr. Masaaki Edamoto၊ ဖိတ်ကြားထားသည့် သံရုံးများမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာမှ ရေထွက်ကုန်ဆိုင်ရာအသင်းအဖွဲ့များနှင့် ပြပွဲတွင်ပါဝင်ပြသကြသည့် ပြည်တွင်း၊ ပြည်ပမှ ရေထွက်ကုန်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။
(၂၅) ကြိမ်မြောက် ဂျပန်အပြည်ပြည်ဆိုင်ရာ ရေထွက်ကုန်နှင့် နည်းပညာပြပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုပြခန်းအား မြန်မာသံရုံး၊ တိုကျိုမြို့၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် အာဆီယံ-ဂျပန်စင်တာတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဖွင့်လှစ်ပြသခဲ့ပါသည်။
ပြပွဲတွင် မြန်မာနိုင်ငံ ရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းနှင့် ရေထွက်ကုန်လုပ်ငန်းရှင်များက မြန်မာနိုင်ငံမှ ပုစွန်၊ ရေဘဝဲ၊ ပြည်ကြီးငါး၊ ခရု၊ ဂဏန်းစသည့် ရေထွက်ကုန်များအား ပါဝင်ပြသခဲ့ပါသည်။
Dai Nippon Fisheries Association က ကြီးမှူးကျင်းပသည့် ဂျပန်နိုင်ငံတကာ ရေထွက်ကုန်နှင့် နည်းပညာပြပွဲသည် ဂျပန်နိုင်ငံတွင် အကြီးဆုံးရေထွက်ကုန်ပြပွဲဖြစ်ပြီး မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် ပါဝင်ပြသခြင်းဖြစ်ပါသည်။ ပြပွဲကို ၂၃-၈-၂၀၂၃ ရက်မှ ၂၅-၈-၂၀၂၃ ရက်အထိ သုံးရက်ကြာကျင်းပခဲ့ပြီး နိုင်ငံပေါင်း (၁၇) နိုင်ငံမှ ကုမ္ပဏီစုစုပေါင်း (၆၀၀) ကျော်တို့က ပြခန်းပေါင်း (၁၂၇၀) ဖွင့်လှစ်ပြသခဲ့ကာ ဧည့်သည် (၂၅၀၀၀) ကျော် လာရောက်ကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။




