ဂျပန်အထက်လွှတ်တော်၏ Japan-ASEAN Inter-Parliamentary Exchange Group နှင့် အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများ တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့ခြင်း (၁၇-၅-၂၀၂၃ ရက်)

၁။      ဂျပန်အထက်လွှတ်တော်၏ Japan-ASEAN Inter-Parliamentary Exchange Group နှင့် အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများ တွေ့ဆုံပွဲကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Hotel New Otaniတွင် ၂၀၂၃ ခုနှစ်၊ မေလ ၁၇ ရက်နေ့၊ ၁၆၀၀ နာရီမှ ၁၈၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်သည် အခြားအာဆီယံသံအမတ်ကြီး များနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။ တွေ့ဆုံပွဲသို့ ဂျပန်အထက်လွှတ်တော်အမတ် (၂၅) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

၂။ တွေ့ဆုံပွဲတွင် ပထမဦးစွာ Japan-ASEAN Inter-Parliamentary Exchange Group၏ ဥက္ကဋ္ဌအထက်လွှတ်တော်အမတ် Mr. Nakasone Hirofumi က အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါ သည်။ ထို့နောက်  အာဆီယံသံအမတ်ကြီးများကိုယ်စား အာဆီယံကော်မတီ(တိုကျို)၏ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်သူ ဘရူနိုင်းသံအမတ်ကြီး H.E. Mr. Haji SHAHBUDIN Haji Musa က နှုတ်ဆက်စကား ပြန်လည် ပြောကြားခဲ့ပါသည်။ ထို့နောက် Japan-ASEAN Inter-Parliamentary Exchange Group နှင့် ဂျပန်နိုင်ငံဆိုင်ရာ အာဆီယံသံအမတ်ကြီးများအကြား အာဆီယံ-ဂျပန်ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု မိတ်ဘက်ဆက်ဆံရေး နှစ် ၅၀ ပြည့်အထိမ်းအမှတ်အခမ်းအနားများ ကျင်းပရေးနှင့် အာဆီယံ-ဂျပန်ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကိစ္စရပ်များကို  ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ 

၃။      ထို့နောက် ဂျပန်နိုင်ငံဆိုင်ရာ အာဆီယံသံအမတ်ကြီးများနှင့် ဂျပန်အထက်လွှတ်တော်အမတ်များ အတူတကွအမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ကြပြီး ဧည့်ခံပွဲကို Hotel New Otani Tokyo ရှိ ACELO ခန်းမတွင် ဆက်လက်ကျင်းပခဲ့ပါသည်။ အခမ်းအနားကို ညနေ ၁၈၀၀ နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

 

မြန်မာသံရုံး ၊ တိုကျိုမြို့။

၂၀၂၃ ခုနှစ် ၊ မေလ ၁၇ ရက်။   

* * * * *