ဂျပန်နိုင်ငံ၊ တိုကျိုမြို့အခြေစိုက် Asia-Pacific Ladies Friendship Society (ALFS) အသင်းကြီး၏ Cheque Sharing Ceremony အား ကျင်းပပြုလုပ်ခဲ့ခြင်း (၂၇-၆-၂၀၂၅ ရက်)

(၂၇-၆-၂၀၂၅ ရက်၊ တိုကျို)

ဂျပန်နိုင်ငံရှိ တိုကျိုမြို့အခြေစိုက် အာရှ-ပစိဖိတ်နိုင်ငံများ၏ သံရုံးပေါင်း (၂၆) ရုံးမှ အမျိုးသမီး သံအမတ်ကြီးများ၊ သံအမတ်ကြီးများ၏ဇနီးများနှင့် ဂျပန်အမျိုးသမီးများ ပါဝင်ဖွဲ့စည်း ဆောင်ရွက်လျက်ရှိသည့် Asia-Pacific Ladies Friendship Society (ALFS) အသင်းကြီးသည် နှစ်စဉ် စျေးရောင်းပွဲတော် ကျင်းပပြုလုပ်ပြီး၊ အဖွဲ့ဝင်နိုင်ငံ သံရုံးများမှ ပါဝင်ရောင်းချ၍ ရရှိသော အမြတ်ငွေများကို ဒေသတွင်း အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ လူမှုဖူလုံမှုနှင့် ပညာရေး၊ ကျန်းမာရေးစသည့် စောင့်ရှောက်မှုများ၊ အဖွဲ့ဝင်နိုင်ငံများတွင် သဘာဝဘေးအန္တရာယ် ကျရောက်ပါက ထောက်ပံ့လှူဒါန်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ ALFS အသင်းကြီး၏ ၂၀၂၅ ခုနှစ်အတွက် ဈေးရောင်းပွဲတော်ကို ၂၃-၄-၂၀၂5 ရက် (ဗုဒ္ဓဟူးနေ့) တွင် တိုကျိုမြို့ရှိ Meiji Kinenkan ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာသံရုံး၊ တိုကျိုမြို့ အပါအဝင် အာရှ-ပစိဖိတ်နိုင်ငံများမှ သံရုံးပေါင်း (၂၃) ရုံးနှင့် ဂျပန်နိုင်ငံဘက်မှ စီးပွားရေးကုမ္ပဏီများနှင့် အသင်းအဖွဲ့များ ပါဝင်ဆင်နွှဲခဲ့ပါသည်။ ယခုနှစ်တွင် သံရုံးများဘက်မှ ကိုယ်စားလှယ်များအဖြစ် မြန်မာသံအမတ်ကြီးဇနီးနှင့် မလေးရှားသံအမတ်ကြီးဇနီးတို့မှ တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဈေးရောင်းပွဲတော်အတွင်း ရရှိခဲ့သည့် အမြတ်ငွေများကို အဖွဲ့ဝင်သံရုံးများသို့ ပြန်လည်ခွဲဝေခြင်းအခမ်းအနား (Cheque Sharing Ceremony) ကို (၂၆-၆-၂၀၂၄) ရက်နေ့က တိုကျိုမြို့၊ မလေးရှားသံရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး၏ဇနီး Mme. Satoko Iwaya ပါဝင်တက်ရောက်ခဲ့ပြီး၊ သံရုံးပေါင်း (၂၃) ရုံးမှ ကိုယ်စားလှယ်များက အမြတ်ငွေ ဝေစု Cheque များကို အသီးသီးလက်ခံခဲ့ပါသည်။ အခမ်းအနားတွင် မလေးရှားသံအမတ်ကြီးဇနီး Mme. Suriyah Abdullah ၊ ALFS ဥက္ကဋ္ဌကြီး Mrs. Mariko Nakasone ၊ ALFS ၏ သံရုံးများ၏ကိုယ်စားလှယ်ဖြစ်သော မြန်မာသံအမတ်ကြီးဇနီး ဒေါ်လဲ့လဲ့ဝါ တို့က မိန့်ခွန်းများအသီးသီးပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် မြန်မာသံရုံးအတွက် ဈေးရောင်းချရသည့် အချိုးကျအမြတ်ငွေ ယန်း (၆၁၁,၀၀၀) ကို ALFS အသင်းဥက္ကဋ္ဌ Madame Mariko Nakasone က Cheque ဖြင့် ပေးအပ်ခဲ့ရာ သံအမတ်ကြီး၏ ဇနီး ဒေါ်လဲ့လဲ့ဝါ မှ လက်ခံရယူခဲ့ပါသည်။ မြန်မာသံရုံးအနေဖြင့် လက်ခံရရှိခဲ့သည့် ဈေးရောင်းချရသည့် အချိုးကျအမြတ်ငွေ ယန်း (၆၁၁,၀၀၀) ကို မြန်မာနိုင်ငံရှိ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးဆုံရှုံးခဲ့သည့် ဒေသများရှိ ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။