ဂျပန်နိုင်ငံ၊ ဂျပန်အထက်လွှတ်တော်- အာဆီယံလွှတ်တော်များ အပြန်အလှန်ဖလှယ်ရေး အဖွဲ့ဥက္ကဋ္ဌ မှ အာဆီယံသံအမတ်ကြီးများအား ညစာဖြင့်တည်ခင်း ဧည့်ခံသည့်အခမ်းအနားကို ၃-၆-၂၀၂၆ ရက်နေ့၊ ၁၈၃၀ နာရီမှ ၁၉၃၀ နာရီထိ ဂျပန်နိုင်ငံအထက်လွှတ်တော်ဥက္ကဋ္ဌ၏ နေအိမ်တွင် ကျင်းပပြုလုပ်ခဲ့ရာ ဂျပန်နိုင်ငံဆိုင်ရာမြန်မာသံရုံးယာယီ တာဝန်ခံ/သံအမတ်ကြီး ဦးကျော်ထွန်း သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ ကိုယ်စားလှယ်များ၊ ဘာသာရပ်ဆိုင်ရာ တာဝန်ခံများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။
ဂျပန်နိုင်ငံ၊ ဂျပန်အထက်လွှတ်တော်- အာဆီယံလွှတ်တော်များ အပြန်အလှန်ဖလှယ်ရေး အဖွဲ့ ဥက္ကဋ္ဌ Mr. Nakasone Hirofumi မှ ၎င်းတို့အဖွဲ့သည် ဂျပန်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံ များအကြား ဥပဒေပြုရေးမဏ္ဍိုင်ချင်းချိတ်ဆက်မှုနှင့် သံတမန်ရေးရာ ကဏ္ဍများကို ပိုမိုခိုင်မာလာစေ ရန်ရည်ရွယ်၍ ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ နှစ်ဖက် လွှတ်တော်အမတ်များနှင့် ပါလီမန်ကိုယ်စားလှယ်များအကြား ပုံမှန်တွေ့ဆုံဆွေးနွေးပွဲများ၊ ခရီးစဉ်ဖလှယ်မှုများကို လုပ်ဆောင် ပေးခြင်းဖြင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနှင့်ယဉ်ကျေးမှု ဆိုင်ရာနားလည်မှုများကို မြှင့်တင်ပေးလျက်ရှိကြောင်း၊ ၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ၏ ဦးဆောင်ဦးရွက်ပြုမှုဖြင့် အာဆီယံ-ဂျပန်နိုင်ငံ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး တိုးတက်ကောင်းမွန်ပါစေရန် ဆုမွန်ကောင်းတောင်းကြောင်းဖြင့်အဖွင့်အမှာစကား ပြောကြားခဲ့ပါ သည်။ အာဆီယံ(တိုကျို)ကော်မတီ၏ အလှည့်ဥက္ကဋ္ဌဖြစ်သည့် ဖိလစ်ပိုင် သံအမတ်ကြီး H.E. Ms. Mylene J.Garcia-Albanou ကလည်း အာဆီယံ-ဂျပန်ဆက်ဆံရေးကို ဘက်စုံမဟာဗျူဟာ မြောက်မိတ်ဖက်ဆက်ဆံရေး (Comprehensive Strategic Partnership) အဆင့်သို့ တိုးမြှင့်ထားပြီး ဒေသတွင်းရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုနှင့် ငြိမ်းချမ်းရေးအတွက် အတူတကွ ဆက်လက်လက်တွဲဆောင်ရွက်နေကြောင်း၊ အာဆီယံနှင့်ဂျပန်တို့သည့် စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံ မှု၊ လုံခြုံရေးနှင့် တည်ငြိမ်ရေး၊ ပြည်သူအချင်းချင်းဆက်ဆံရေးစသည့် ကဏ္ဍရပ်များတွင် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ အာဆီယံ-ဂျပန်ဆက်ဆံရေး ပိုမိုခိုင်မာလာမည်ဟု ယုံကြည်မိပါ ကြောင်းဖြင့် ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဂျပန်အထက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Fukuyama Tetsuro မှလည်း ဂျပန်-အာဆီယံဆက်ဆံရေး တိုးတက်စေရန် ဆုတောင်း(Toast) ပြုလုပ်ပေးခဲ့ပြီး ဂျပန်နိုင်ငံအထက်လွှတ်တော်အမတ်များနှင့် အာဆီယံနိုင်ငံများမှသံအမတ်ကြီးများ အမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ပါသည်။
ဂျပန်နိုင်ငံ၊ ဂျပန်အထက်လွှတ်တော်-အာဆီယံ လွှတ်တော်များအပြန်အလှန် ဖလှယ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အာဆီယံသံအမတ်ကြီးများအားညစာဖြင့် တည်ခင်းဧည့်ခံသည့်အခမ်းအနားသို့သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးတက်ရောက်ခဲ့ခြင်း(၄-၆-၂၀၂၆၊ တိုကျို)

