



(၂၁-၁-၂၀၂၂၊ တိုကျို)
အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ (COVID-19) တားဆီးကာကွယ်ရေးအစီအမံများကြောင့် ဂျပန်နိုင်ငံတွင် အခက်အခဲများ ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံသားများနှင့် မိသားစုများအတွက် (၄၆) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် (Relief Flight) ပျံသန်းအမှတ်၊ NH 1941 သည် (၂၀-၁-၂၀၂၂) ရက် (ကြာသပတေးနေ့) ၂၂ : ၂၅ နာရီတွင် တိုကျို (နာရီတာ)-အိုကီနာဝါ(နာဟ)လေဆိပ်မှတစ်ဆင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ချောမောစွာ ထွက်ခွာသွားခဲ့ပါသည်။
(၄၆) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်တွင် ဂျပန်နိုင်ငံသို့ ကာလတိုဗီဇာဖြင့် အလည်အပတ်လာရောက်ခဲ့ပြီး၊ မြန်မာနိုင်ငံသို့ အချိန်မီ ပြန်လည်မထွက်ခွာနိုင်သူများ၊ ပညာတော်သင်များ၊ အလုပ်အကိုင်အခက်အခဲရှိသူများ၊ အလုပ်သင် သင်တန်းပြီးဆုံးသူများ၊ မှီခိုသူမိသားစုဝင်များနှင့် ဂျပန်နိုင်ငံဆိပ်ကမ်းများတွင် စောင့်ဆိုင်းနေသည့်သင်္ဘောသားများ စုစုပေါင်း (၅၇) ဦး လိုက်ပါသွားခဲ့ကြပါသည်။
ထို့ပြင်၊ မြန်မာနိုင်ငံရှိဝန်ကြီးဌာနများနှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများတွင် ဆောင်ရွက်လျက်ရှိသည့် ဂျပန်နိုင်ငံမှ ပညာရှင်/ ကျွမ်းကျင်သူဝန်ထမ်းများ စုစုပေါင်း (၅၉) ဦးတို့လည်း လိုက်ပါသွားကြပါသည်။
(၄၆) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသားများနှင့် မိသားစုများအဆင်ပြေစွာ ထွက်ခွာနိုင်ရေးအတွက် မြန်မာသံရုံးမှ တာဝန်ရှိသူများ၊ All Nippon Airways မှ ဝန်ထမ်းများနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းများမှ လိုအပ်သည့်ပံ့ပိုးကူညီမှုများ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

