ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားများအား (၃၄) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် (Relief Flight) ဖြင့် ပြန်လည်ပို့ဆောင်

(၁၁-၉-၂၀၂၁ ရက်၊ တိုကျို)

၁။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ (COVID-19) တားဆီးကာကွယ်ရေး အစီအမံ များကြောင့် ဂျပန်နိုင်ငံတွင် အခက်အခဲများ ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံသားများနှင့် မိသားစုများ အတွက် (၃၄) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် (Relief Flight) ပျံသန်းအမှတ်၊ NH 1941 သည် (၁၁-၉-၂၀၂၁) ရက်၊ (စနေနေ့) ၀၉၃၀ နာရီတွင် တိုကျို(နာရီတာ)-အိုဆာကာ(ကန်ဆိုင်း)လေဆိပ်မှတစ်ဆင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ချောမောစွာ ထွက်ခွာသွားခဲ့ပါသည်။

၂။ အဆိုပါကယ်ဆယ်ရေးလေယာဉ်တွင် ဂျပန်နိုင်ငံသို့ ကာလတိုဗီဇာဖြင့် အလည်အပတ် လာရောက်ခဲ့ပြီး၊ မြန်မာနိုင်ငံသို့ အချိန်မီ ပြန်လည်မထွက်ခွာနိုင်သူများ၊ ပညာတော်သင်များ၊ အလုပ်အကိုင် အခက်အခဲရှိသူများ၊ အလုပ်သင်သင်တန်းပြီးဆုံးသူများ၊ မှီခိုသူမိသားစုဝင်များနှင့် ဂျပန်နိုင်ငံ ဆိပ်ကမ်းများတွင် စောင့်ဆိုင်းနေသည့် သင်္ဘောသားများ စုစုပေါင်း (၅၁) ဦးနှင့် မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများနှင့် နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ဂျပန်နိုင်ငံမှ ပညာရှင်/ ကျွမ်းကျင်သူ ဝန်ထမ်းများ စုစုပေါင်း (၃၆) ဦးတို့လည်း လိုက်ပါသွားကြပါသည်။

၃။ (၃၄) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသားများနှင့် မိသားစုများ အဆင်ပြေစွာ ထွက်ခွာနိုင်ရေးအတွက် မြန်မာသံရုံးမှ တာဝန်ရှိသူများ၊ All Nippon Airways မှ ဝန်ထမ်းများနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းများမှ လိုအပ်သည့်ပံ့ပိုးကူညီမှုများ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။