ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက (၂၉၅) ကြိမ်မြောက် အာဆီယံ-တိုကျိုကော်မတီ အစည်းအဝေးသို့ တက်ရောက်

(၁၃-၁၁-၂၀၁၉ ရက်၊ တိုကျိုမြို့)

ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်သူသည် ၁၂-၁၁-၂၀၁၉ ရက်တွင် တိုကျိုမြို့ရှိ ဂျပန်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီးနေအိမ်၌ ကျင်းပပြုလုပ်သည့် (၂၉၅) ကြိမ်မြောက် အာဆီယံ-တိုကျိုကော်မတီ အစည်းအဝေး (The 295th Meeting of the ASEAN Committee in Tokyo-ACT) သို့ အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့်အတူ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် အာဆီယံ-တိုကျိုကော်မတီ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံ သံရုံးယာယီတာဝန်ခံ Mr. Tri Purnajaya က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေးတွင် လက်ရှိ ဂျပန်နိုင်ငံ၏ နိုင်ငံရေးအခြေအနေနှင့် ၂၀၂၀ ပြည့်နှစ်တွင် ဖြစ်ပေါ်လာနိုင်မည့် အလားအလာတို့အပေါ် အာဆီယံသံအမတ်ကြီးများမှ သုံးသပ်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ အာဆီယံ-တိုကျိုကော်မတီအောက်မှ လှုပ်ရှားဆောင်ရွက်မှု အစီအစဉ်များအား သံအမတ်ကြီးများက ရှင်းလင်းဆွေးနွေးခဲ့ကြရာ မြန်မာသံအမတ်ကြီးက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးတို့အကြား ၂၁-၁၀-၂၀၁၉ ရက်က တွေ့ဆုံခဲ့မှုနှင့် ၉-၁၁-၂၀၁၉ ရက်က ကျင်းပခဲ့သည့် ACT Family Day 2019 အခမ်းအနားနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ပါသည်။

(၂၉၅) ကြိမ်မြောက် အာဆီယံ-တိုကျိုကော်မတီ အစည်းအဝေး၏ အစီအစဉ်တစ်ရပ်အဖြစ် အာဆီယံ သံအမတ်ကြီးများ၏ အလုပ်သဘော နေ့လယ်စာစားပွဲကို ဆက်လက် ကျင်းပပြုလုပ်ခဲ့ရာ ဂျပန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ Mr. Hiroyasu Ando မှ အထူးဧည့်သည်တော် (Guest of Honour) အဖြစ် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။