(၂၈-၅-၂၀၂၅၊ ချန်ဒူး)
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ၂၆-၅-၂၀၂၅ ရက်တွင် စီချွမ်းပြည်နယ်၊ ချန်ဒူးမြို့၌ ကျင်းပသည့် ကျင်းတုံးလေကြောင်းလိုင်း၏ ချန်ဒူး-ရန်ကုန် ကုန်တင်လေယာဉ်စတင်ပြေးဆွဲခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါလေကြောင်း စတင်ပြေးဆွဲခြင်းအခမ်းအနားသို့ မြန်မာကောင်စစ်ဝန်ချုပ်နှင့်အတူ စီချွမ်းပြည်နယ် လေကြောင်း တာဝန်ရှိသူများ၊ ကျင်းတုံးလေကြောင်းလိုင်း တာဝန်ရှိသူများ၊ မြန်မာနှင့် တရုတ်အကြား စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေသူများ တက် ရောက်ခဲ့ကြပါသည်။ ထို့နောက် ချန်ဒူး Shuangliu လေကြောင်း စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ၊ ချန်ဒူး အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးအုပ်စုကုမ္ပဏီနှင့် JD လေကြောင်းတို့သည် နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါ သည်။
၂၆-၅-၂၀၂၅ ရက်၊ ဒေသစံတော်ချိန် နေ့လယ် ၁ နာရီ ၃၆ မိနစ်တွင် ကျင်းတုံးလေကြောင်း လိုင်း၏ လေယာဉ်အမှတ် 737-800BCF သည် အထည်အလိပ်နှင့် ပိုးထည်အပြည့် တင်ဆောင်ကာ Chengdu Shungliu အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ တိုက်ရိုက်ပျံသန်းခဲ့ပြီး မြန်မာနိုင်ငံမှ ရေထွက်ကုန်များဖြစ်သည့် ငါး၊ ပုစွန်၊ ကဏန်း၊ ငါးရှဉ့်တို့ကို တင်ဆောင်၍ တရုတ်နိုင်ငံ၊ စီချွမ်းပြည်နယ် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ချိမည်ဖြစ်ကြောင်း သိရှိပါသည်။
********************

