(၅-၁၁-၂၀၂၅ရက်၊ချင်းမိုင်)
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ ဝပ်ဆိုင်းမွန်းမြန်မာကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒေါက်တာ အရှင်ကောဏ္ဍည မထေရ်မြတ်အမှူးရှိ သော ကျောင်းတိုက်တွင် ဝါဆိုဝါကပ်တော်မူသော သံဃာတော်အရှင်သူမြတ်များအား (၁၄)ကြိမ် မြောက် ကထိန်လျာသင်္ကန်းကပ်လှူပူဇော်ပွဲအား ၅-၁၁-၂၀၂၅ ရက်တွင် အဆိုပါ မြန်မာ ကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကောင်စစ်ဝန်ချုပ် ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်း သည် ချင်းမိုင်မြို့ရှိ မြန်မာအသိုက်အဝန်းနှင့် အတူ တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းအစုစုတို့ကို ဆပ်ကပ်လှူဒါန်း ပူဇော်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားအား ချင်းမိုင်မြို့တွင် မြန်မာအသိုက်အဝန်းက စုပေါင်း၍ ကျောင်းတိုက်မှ သံဃာတော်များကို ကထိန်သင်္ကန်းဆပ်ကပ် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး သံဃာတော် များက သာဓုအနုမောဒနာ တရားဟောကြားခဲ့ကာ တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ် များမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပါသည်။ ချင်းမိုင်မြို့ရောက် မြန်မာအသိုက်အဝန်းက ကျင်းပခဲ့သည့် (၁၄) ကြိမ်မြောက် ကထိန်လျာသင်္ကန်း ကပ်လှူပူဇော်ပွဲ အခမ်းအနားတွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့ မိသားစုဝင်များက စတုဒိသာ ကျွေးမွေးခြင်းဖြင့် ပါဝင်ကုသိုလ်ယူခဲ့ကြပါသည်။
**************


