ကျူးဘားနိုင်ငံ၊ ဟာဗားနားမြို့အခြေစိုက် အာဆီယံကော်မတီ (ASEAN Committee in Havana, Cuba – ACHC) သည် (၅၉) နှစ်မြောက် အာဆီယံနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၀၉:၀၀ နာရီတွင် ဟာဗားနားမြို့ရှိ အင်ဒိုနီးရှားသံအမတ်ကြီး၏ နေအိမ်၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ကျူးဘားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဝင်းသူထက်နှင့် မြန်မာသံရုံးဝန်ထမ်းများ၊ မိသားစုဝင်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားသို့ ACHC ဥက္ကဋ္ဌ မလေးရှားသံရုံး၊ သံရုံးယာယီတာဝန်ခံ Ms. Klarissa Low၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များဖြစ်ကြသည့် ကျူးဘားနိုင်ငံခြားရေးဝန်ကြီးဌာန (MINREX) မှ ကိုယ်စားလှယ်များ၊ တရုတ်၊ ဂျပန်နှင့် ကိုရီးယား သံအမတ်ကြီးများ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံ သံရုံးများမှ သံရုံးအကြီးအကဲများ၊ သံတမန်များနှင့် ဖိတ်ကြားထားသော ဂုဏ်သရေရှိ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် အာဆီယံအလံတင်ပွဲနှင့် အာဆီယံသီချင်း သီဆိုခြင်းတို့ဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ACHC ဥက္ကဋ္ဌ မလေးရှားသံရုံး ယာယီတာဝန်ခံ Ms. Klarissa Low နှင့် MINREX ကိုယ်စားလှယ်တို့က အမှာစကားများ အသီးသီး ပြောကြားခဲ့ကြပါသည်။ ထို့နောက် အာဆီယံသံအမတ်ကြီးများနှင့် တက်ရောက်လာသူ ဧည့်သည်တော်များက (၅၉) နှစ်မြောက် အာဆီယံနေ့အထိမ်းအမှတ် အာဆီယံကိတ်ခွဲပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။
ဆက်လက်ပြီး ယဉ်ကျေးမှု ဖျော်ဖြေတင်ဆက်မှုများနှင့်အတူ “Taste of ASEAN” အစီအစဉ်အရ ဟာဗားနားမြို့အခြေစိုက် အာဆီယံသံရုံးများက ရိုးရာစားသောက်ဖွယ်ရာများကို တည်ခင်းဧည့်ခံ ခဲ့ကြရာ မြန်မာသံရုံးမှလည်း မြန်မာ့ရိုးရာ စားသောက်ဖွယ်ရာများဖြစ်ကြသော ကြာဇံဟင်းခါးနှင့် ကြက်သားငပိချက်တို့ဖြင့် ပါဝင်တည်ခင်းဧည့်ခံခဲ့ပါသည်။



