(၂၅-၉-၂၀၂၆၊ ကော်လ်ကတ္တား)
အိန္ဒိယနိုင်ငံ၊ ကော်လ်ကတ္တားမြို့ရှိ Taj Bengal ဟိုတယ်တွင် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့၌ ဘင်္ဂလားကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (BCC&I) နှင့် အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန (MEA) တို့ ပူးပေါင်းကျင်းပသော စတုတ္ထအကြိမ်မြောက် အင်ဒို-ပစိဖိတ် စီးပွားရေးညီလာခံကို အောင်မြင်စွာကျင်းပခဲ့ပါသည်။
အဆိုပါ ညီလာခံ၏ “Thought Leadership II: India and Its Indo-Pacific Partners: Deepening Economic Cooperation and Strategic Partnerships” ခေါင်းစဉ်ဖြင့် ကျင်းပသည့် ဆွေးနွေးမှုကဏ္ဍတွင် မြန်မာကောင်စစ်ဝန်ချုပ် ဦးအောင်အောင်မျိုးသိမ်းက ဂုဏ်ထူးဆောင်ဧည့်သည်တော်နှင့် ဟောပြောသူအဖြစ် ပါဝင်ဆွေးနွေးခဲ့ပါသည်။ ဤကဏ္ဍတွင် ဂျပန်၊ သြစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါနိုင်ငံတို့မှ ကောင်စစ်ဝန်ချုပ်များနှင့် အာဆီယံ-အိန္ဒိယ စီးပွားရေးကောင်စီ၊ Exide Industries မှ ကိုယ်စားလှယ်များနှင့်အတူ ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးများကို ဆွေးနွေးခဲ့ကြပါသည်။
မြန်မာကောင်စစ်ဝန်ချုပ်က ဆွေးနွေးပြောကြားရာတွင် အိန္ဒိယနိုင်ငံ၏ ‘Act East Policy’ အရ မြန်မာနိုင်ငံသည် အိန္ဒိယနှင့် အာဆီယံဒေသကို ဆက်သွယ်ပေးသည့် မဟာဗျူဟာမြောက် သဘာဝပေါင်းကူးတံတားဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံ စီးပွားရေးဆက်ဆံမှု ခိုင်မာအားကောင်းစေရန် အစိုးရအချင်းချင်း (G2G) သာမက စီးပွားရေးလုပ်ငန်းရှင် (B2B၊ အဖွဲ့အစည်း (I2I) နှင့် ပြည်သူအချင်းချင်း (P2P) ချိတ်ဆက်မှုများကိုပါ မြှင့်တင်ရန်လိုအပ်ကြောင်း အလေးပေးဆွေးနွေးခဲ့ပါသည်။ ထို့ပြင် မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများကဏ္တွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများစွာရှိကြောင်း ရှင်းလင်းပြီး ဒေသတွင်း ရေရှည်စီးပွားရေးတိုးတက်မှုအတွက် မြန်မာနှင့် အိန္ဒိယတို့သည် အစဉ်အလာ ကုန်သွယ်မှု မိတ်ဖက်များအဖြစ်မှ “မဟာဗျူဟာမြောက် စီးပွားရေးဖန်တီးဖော်ဆောင်သူများ” အဖြစ် ပူးပေါင်းကြရန်နှင့် တန်ဘိုးကွင်းဆက်တလျောက် ပူးပေါင်းဆောင်ရွက်နိုင်ရေး အလေးထားဆွေးနွေး ပြောကြားခဲ့ပါသည်။
အမေးအဖြေကဏ္ဍတွင် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးနှင့်စပ်လျဉ်း၍ အိန္ဒိယခရီးသွားများအတွက် ဆိုက်ရောက်ဗီဇာကို ၂၀၂၇ ခုနှစ်၊ သြဂုတ်လအထိ တိုးမြှင့်ခွင့်ပြုထားကြောင်း၊ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့အစည်းများအကြား ပူးပေါင်း၍ ခရီးသွားလာရေးကဏ္ဍဖွံ့ဖြိုးစေရန် ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ဆက်လက်၍ ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။
ယခုကဲ့သို့ နိုင်ငံတကာစီးပွားရေးညီလာခံသို့ ပါဝင်တက်ရောက်ဆွေးနွေးခြင်းအားဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာ မူဝါဒများနှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု အလားအလာကောင်းများကို ဒေသတွင်း စီးပွားရေးအသိုင်းအဝိုင်းထံသို့ ပီပြင်စွာ ရှင်းလင်းနိုင်ခဲ့ပါသည်။ ထို့ကြောင့် နိုင်ငံတကာနှင့် စီးပွားရေးဆိုင်ရာ သံခင်းတမန်ခင်းကိုလည်း ပိုမိုအားကောင်းလာစေပြီး နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် ခရီးသွားဝင်ရောက်မှုများ ပိုမိုတိုးတက်လာစေရန် များစွာအထောက်အကူပြုနိုင်မည် ဖြစ်ပါသည်။


