(၃၁-၃-၂၀၂၆၊ ချုံချင့်)
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ၃၁-၃-၂၀၂၆ ရက်တွင် ဟူပေပြည်နယ်၊ ဝူဟန်မြို့ရှိ အရှေ့ရေကန်နိုင်ငံတကာကွန်ဖရင့်စင်တာတွင် ပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ ချယ်ရီပန်းပွဲတော်ကြည့်ရှုခြင်းနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲကို ဟူပေပြည်နယ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနမှ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ရန်၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးရန်၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်နှင့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းကို အတူတကွတည်ဆောက်ကာ နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် အောင်မြင်မှုများဆီသို့ တက်လှမ်းရန်ဖြစ်ကြောင်း သိရှိရပါသည်။
ဆွေးနွေးပွဲတွင် ဟူပေပြည်နယ် CPC ကော်မတီအတွင်းရေးမှူးနှင့် ဟူပေပြည်နယ် ပြည်သူ့ ကွန်ဂရက်အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ Mr. Wang Zhonglin နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန CPC ပါတီ ဦးဆောင်အဖွဲ့ဝင်နှင့် လက်ထောက်ဝန်ကြီး Mr. Yuan Xiaoming တို့မှ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ၊ ဆက်ဆံရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး Luo Yonggang၊ တရုတ်နိုင်ငံအခြေစိုက် သံရုံးများနှင့် ကောင်စစ်ဝန်ချုပ်ရုံးများမှ သံအမတ်ကြီးများ၊ ကောင်စစ်ဝန်ချုပ်များနှင့် ကိုယ်စားလှယ်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် စီးပွားရေးအသင်းအဖွဲ့များ၊ ပြည်တွင်းနှင့် နိုင်ငံတကာမှ စီးပွားရေးငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

