(၅-၁၁-၂၀၂၅ရက်၊ ချုံချင့်)
ချုံချင့်မြူနီစီပယ်မြို့တွင် ၅-၁၁-၂၀၂၅ ရက်တွင် ကျင်းပခဲ့သည့် ၂၀၂၅ ချုံချင့် နိုင်ငံတကာ ခရီးသွားအေဂျင့်ကွန်ဖရင့်သို့ ချုံချင့်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းမှ တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနား၌ ချုံချင့်မြူနီစီပယ် ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ Mr.zhao Shiqing ၊ ဖီဂျီခရီးသွားဘုတ်အဖွဲ့ ဒုတိယဥက္ကဋ္ဌ Mr. Josaia Rayawa၊ မြန်မာ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းနှင့် ကုလသမဂ္ဂ ခရီးသွားလာရေးဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဌာန ဒုတိယညွှန်ကြားရေးမှူး Mr. Marcel Leizer တို့က အဖွင့်အမှာစကားအသီးသီး ပြောကြားခဲ့ကြပါသည်။
ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းက အမှာစကားပြောကြားရာတွင် နိုင်ငံတစ် နိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးကြောင်း၊ ခရီးသွားလုပ်ငန်းသည် နိုင်ငံများနှင့် ပြည်သူများကို ချိတ်ဆက်ပေးလျက်ရှိကြောင်း၊ ယန်ဇီမြစ်နှင့် ကျားလင်မြစ်တို့ ပေါင်းဆုံရာ ချုံချင့်မြို့သည် မြူခိုးများနှင့် ဖုံးလွှမ်းနေသည့် တောင်ကုန်းများနှင့် ရောင်စုံမီးအလှ များဖြင့် တောက်ပနေသည့် ညမြင်ကွင်းတို့သည် ရင်သပ်ရှုမောဖွယ်လှပကြောင်း ၊ မြန်မာနိုင်ငံမှ ခရီးသွားအများအပြားသည် ချုံချင့်မြို့၏ အလှအပ၊ ဧည့်ဝတ်ကျေပွန်မှုနှင့် ဆန်းသစ်တီထွင်မှု များကို လွန်စွာနှစ်သက်ကြသကဲ့သို့ ရွှေရောင်ဘုရားစေတီများ၊ သန့်ရှင်းလှပသည့် ကမ်းခြေများ နှင့် ဖော်ရွေပျူငှာသည့် အပြုံးများနှင့် ပြည့်နှက်လျက်ရှိသည့် မြန်မာနိုင်ငံကို လာရောက်လည် ပတ်ရန် ဖိတ်ခေါ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းဆိုသည်မှာ ခရီးသွားခြင်းတစ်ခုတည်းမဟုတ်ဘဲ ချိတ်ဆက်မှု၊ နားလည်မှုနှင့် မိတ်ဆွေဖွဲ့မှုများလည်း ပါဝင်ကြောင်း၊ မကြာသေးမီနှစ်များအတွင်း မြန်မာနှင့် ချုံချင့်အကြား ပူးပေါင်းဆောင်ရွက်မှုသည် ဆက်လက်တိုးတက်လျက်ရှိကြောင်း၊ ပိုမို နီးကပ်သော ဆက်ဆံရေး၊ အပြန်အလှန် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူချင်း ဖလှယ်မှုများကို မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံ မှုနှင့် မိတ်ဖက်ဆက်ဆံရေးအတွက် ပွင့်လင်းပြီး အလားအလာကောင်းသော နေရာတစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးသည် ခရီးသွားလာမှုနှင့် စီးပွားရေးလုပ်ငန်းများ လွယ်ကူချောမွေ့စေရန် ကူညီပေးရန် အသင့်ရှိပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
အဆိုပါ ကွန်ဖရင့်သို့ ချုံချင့်မြူနီစီပယ်အစိုးရ တာဝန်ရှိသူများ၊ ချုံချင့်မြို့နှင့် ချန်ဒူးမြို့ အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် ကိုယ်စားလှယ်များ၊ ခရီးသွား လာရေး အေဂျင်စီများမှ ကိုယ်စားလှယ်များနှင့် အခြားဧည့်သည်တော်များ တက်ရောက်ခဲ့ကြ ကြောင်းနှင့် အဆိုပါကွန်ဖရင့်တွင် ခရီးသွားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေးအတွက် ဗီဇာဝန်ဆောင်မှုဆိုင်ရာ ဆွေးနွေးပွဲနှင့် လေ့လာရေးခရီးစဉ်များလည်း ပါဝင်ကြောင်း သိရှိရပါ သည်။
**********************



