ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် (၂၀) ကြိမ်မြောက် တရုတ်အနောက်ပိုင်းကုန်စည်ပြပွဲသို့ တက်ရောက်ခဲ့ခြင်း (၂၆-၅-၂၀၂၅ ရက်)

(၂၆-၅-၂၀၂၅၊ ချန်ဒူး)

 မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ၂၅-၅-၂၀၂၅ ရက်မှ ၂၉-၅-၂၀၂၅ ရက်အထိ စီချွမ်းပြည်နယ်၊ ချန်ဒူးမြို့ရှိ Tianfu International Convention Center တွင် ကျင်းပပြုလုပ်ခဲ့သည့် (၂၀) ကြိမ်မြောက် တရုတ်အနောက်ပိုင်း ကုန်စည်ပြပွဲ (20th Western China International Fair) နှင့် ဆက်စပ်လှုပ်ရှားမှုများသို့ တက်ရောက်ခဲ့ပါသည်။ 

အဆိုပါ (၂၀) ကြိမ်မြောက် တရုတ်အနောက်ပိုင်းကုန်စည်ပြပွဲသို့ တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပါသည်။ ယင်းကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနား နှင့် ပြပွဲတို့သို့ အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ Mr. Peng Qinghua၊ စီချွမ်ပြည်နယ် ကွန်မြူနစ်ပါတီကော်မတီအတွင်းရေးမှူးနှင့် စီချွမ်ပြည်နယ် ပြည်သူ့ ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ Mr. Wang Xiaohui ၊ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်သူ့ကွန်မြူနစ်ပါတီ အတွင်းရေးမှူး Mr. Qi Yu၊ စီချွမ်ပြည်နယ် ကွန်မြူနစ်ပါတီ ဒုတိယ အတွင်းရေးမှူးနှင့် စီချွမ်ပြည်နယ် အုပ်ချုပ်ရေးမှူး Mrs. Shi Xiaolin၊ စီချွမ်ပြည်နယ်၊ ချင်းဟိုင် ပြည်နယ်နှင့် ကျဲ့ကျန်းပြည်နယ် အစိုးရ တာဝန်ရှိသူများ၊ ချုံချင့်မြို့နှင့် ချန်ဒူးမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် ကိုယ်စားလှယ်များ၊ ပြပွဲနှင့် အခမ်းအနားတို့ သို့ ဖိတ်ကြားထားသည့် နိုင်ငံတကာမှ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Kikeo KHAYKHAMPHITHOUNE နှင့် ဟန်ဂေရီ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E MA´TRAI Ma´rta တို့မှလည်း အဓိကဧည့်သည်နိုင်ငံများအဖြစ် တက်ရောက်ခဲ့ ကြပါသည်။

 ဖွင့်ပွဲအခမ်းအနားပြီးနောက် တက်ရောက်လာကြသည့် ဧည့်သည်တော်များသည် ပြပွဲ အတွင်း ခင်းကျင်းပြသထားသည့် ပြည်တွင်းနှင့် နိုင်ငံတကာကုမ္ပဏီများ၏ ထုတ်ကုန်ဆိုင်ရာ ပြခန်းများကို လေ့လာကြည့်ရှုခဲ့ကြပါသည်။ (၂၀) ကြိမ်မြောက် တရုတ်အနောက်ပိုင်း ကုန်စည် ပြပွဲတွင် အရေးကြီးသည့် ပူးပေါင်းဆောင်ရွက်‌ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများ လက်မှတ် ရေးထိုးခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာလှုပ်ရှားမှုများ၊ နိုင်ငံတကာစီးပွားရေးနှင့် ကုန်သွယ် ရေးဆိုင်ရာ လှုပ်ရှားမှုများ ပြုလုပ်ခဲ့ပါသည်။ ယင်းပြပွဲတွင် နိုင်ငံတကာမှ စီးပွားရေးဆိုင်ရာ ပြခန်းများ ပါဝင်ပြသထားပြီး မြန်မာနိုင်ငံမှ ကျောက်မျက်ရတနာနှင့် လက်မှုပညာပြခန်း (၃) ခန်း ပါဝင်ပြသခဲ့ကြောင်း သိရှိရပါသည်။

**************************