ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ချုံချင့်မြို့၊ လျန်ကျန်းဆေးရုံသို့ သွားရောက်လေ့လာ(၉-၅-၂၀၂၆၊ ချုံချင့်)

မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ၉-၅-၂၀၂၆ ရက် မွန်းလွဲပိုင်းတွင် ချုံချင့်မြို့ရှိ လျန်ကျန်းဆေးရုံသို့ သွားရောက်လေ့လာခဲ့ပြီး တာဝန်ရှိသူများ နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ချုံချင့်မြို့ လျန်ကျန်းဆေးရုံသည် ၁၉၅၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကျန်းမာရေး ဌာနကြီး ၅ ခု နှင့် ဆေးပေးခန်း ၈ ခုဖြင့် စီမံခန့်ခွဲလျက်ရှိပါသည်။ ဝန်ထမ်းအင်အား ၁၈၀၀ ကျော်၊ အထူးကုဆရာဝန် ၂၃၀ ကျော်နှင့် လူနာကုတင် ၁၂၀၀ ဝင်ဆံ့ပြီး၊ တနေ့လျှင် လူနာ ၅၀၀၀ ကျော်အား ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိပါသည်။
ကောင်စစ်ဝန်ချုပ်သည် လျန်ကျန်းဆေးရုံသို့ ရောက်ရှိစဉ် အရေးကြီးပုဂ္ဂိုလ်ကုသရေး ဌာန၊ အရေးပေါ်လူနာဌာန၊ ဓါတ်မှန်ဌာနနှင့် AI နည်းပညာ အသုံးပြုထားသည့် ဆေးဘက်ဆိုင်ရာ ကိရိယာများကို လေ့လာကြည့်ရှုခဲ့ပါသည်။ လျန်ကျန်းဆေးရုံနှင့် မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ် နှင့် ဆေးရုံများအကြား ဆေးကျောင်းသားနှင့် ဆရာဝန်များ အပြန်အလှန် ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။